ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသ နယ်စပ်လုံခြုံရေးနှင့်အကြမ်းဖက်မှုများ ထိန်းချုပ်ရန်အတွက် အစိုးရ တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့က ပူးပေါင်း၍ လုံခြုံရေး တာဝန်များ လုပ်ဆောင်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ် နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်ရေး တရားဥပဒေ စိုးမိုးရေး အတွက် တပ်မတော်နှင့်ရဲတပ်ဖွဲ့တို့အပြင် အုပ် ချုပ်ရေးအဖွဲများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများနှင့်ဒေသခံများ စသည်တို့က ပူးပေါင်း၍ အလေးထား ဆောင် ရွက်နေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ဖြေဆိုခဲ့သည်။
“မောင်တောနှင့် ဘူးသီးတောင်ဒေသ လုံခြုံရေးအခြေအနေများ ဆောင်ရွက်ထားမှုနှင့် နတ်မြစ်ဝမှ မယူမြစ်အထိ ပင်လယ် ကမ်းခြေတလျှောက်တွင် ဒေသခံတိုင်းရင်းသားများအား ပါဝင်ခွင့်ရှိသည့် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ များကို နိုင်ငံ တော်လုံခြုံရေး ရှုထောင့်မှ မည်သည့်စီမံချက်များ ချမှတ်ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း”ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က လွှတ်တော်၌ မေးမြန်းစဉ် ဗိုလ်ချုပ် အောင်စိုး က အထက်ပါ အတိုင်း ဖြေဆို ခဲ့ခြင်း ဖြစ်သည်။
ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့်နယ်စပ်ဒေသများတွင် နယ်ခြားစောင့် ကွပ်ကွဲမှုအဖွဲ့ ထားရှိပြီး နယ်မြေ ရုံး ၁၁ ရုံး၊ နယ်မြေရဲ စခန်း ၁၂ ခု၊ ကင်းစခန်း ၁၂၄ ခု၊ ချောင်း၀ ကင်းစခန်း ၂၇ ခု၊ နယ်စပ်ခြံစည်းရိုး ကင်းစခန်း ၁၂ ခု စ သည်ဖြင့် စုစုပေါင်း ၁၈၆ ခုတို့ဖြင့် လုံခြုံရေး ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်အောင်စိုး က ရှင်းလင်းဖြေဆိုခဲ့သည်။
ထို့အတူ မြန်မာ-ဘင်္ဂလား နယ်စပ်သည် ၁၆၈ ဒသမ ၅၇ မိုင်ရှည်လျှားပြီး၊ ၁၁၄ ဒသမ ၆၅ မိုင်ကို ခြံစည်းရိုး ကာရံ ထားပြီး ဖြစ်သည်ဟု ဗိုလ်ချုပ်အောင်စိုး က ဆိုသည်။
ဦးဘရှိန်က “ခြံစည်းရိုး ကာရံတယ်ပြောပေမယ့် ခြံစည်းရိုးက အပေါက်တွေချည်းပဲ၊ ခြံစည်းရိုး ကာရံ ပေမယ့်လည်းပဲ လုံခြုံ ရေးရှုထောင့်က ကြည့်ရင်တော့ ဘယ်အချိန် ဝင်ဝင် ဘယ်အချိန် ထွက်ထွက်၊ ဘယ်နားကပဲ ဝင်ဝင် လုပ်လို့ရတဲ့ အနေအ ထား ဖြစ်နေတယ်” ဟု ဆိုသည်။
အစိုးရ အာဏာပိုင်များအနေဖြင့် လုံခြုံရေးဆောင်ရွက်နေသည်ဟု ပြောဆိုနေသော်လည်း လက်ရှိမြေပေါ်အနေအထား တွင်မူ မောင်တော၊ ဘူးသီးတောင်မြို့နယ်များမှ မြို့နှင့်ဝေးလံသည့် ဒေသခံများသည် အိုးအိမ် စွန့်ခွာထွက်ပြေး နေကြ ရဆဲ ဖြစ်ကြောင်း သိရသည်။
ဦးဘရှိန် က “သူတို့က လုံခြုံရေးလုပ်ဆောင်နေတယ်လို့ ပြောတာက စာရွက်ပေါ်မှာပဲ ရှိတယ်၊ မြေပြင်ပေါ်မှာတော့ မောင်တော အကြမ်းဖက်မှု နောက်ပိုင်းမှာ ဒေသခံတိုင်းရင်းသားတွေဟာ ထွက်ပြေးနေကြဆဲပါ၊ တည်ငြိမ်နေပြီဆိုပြီး ပြန်သွားလိုက်၊ လုံခြုံမှု မရှိရင် ပြန်ပြေးလိုက် ဖြစ်နေကြရတယ်” ဟု ဆိုသည်။
မောင်တောနှင့်ဘူးသီးတောင်မြို့နယ်များမှ ဒေသခံများသည် မောင်တော၊ ဘူးသီးတောင်မြို့ပေါ်မှ တဆင့် စစ်တွေမြို့ အထိ ထွက်ပြေးသူများလည်း ရှိကြောင်း သိရသည်။
အလားတူ နယ်မြေလုံခြုံရေး အတွက် ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ အဖွဲ့များ သာမက အာဏာပိုင်အဖွဲ့များနှင့်ဒေသ ခံ များလည်း ပါဝင်၍ လုံခြုံရေး ကိစ္စများ ပူးပေါင်းဆောင်ရွက်မည့် အစီအမံများ ရှိမရှိ မေးမြန်းမှုအား တိကျသည့် ဖြေဆို မှုမျိုး မရှိခဲ့ကြောင်း ဦးဘရှိန် က ပြောသည်။
၎င်းက “နယ်မြေလုံခြုံရေးတွေ လုပ်ဆောင်တဲ့ အဖွဲ့တွေမှာ ဒေသခံတွေကို ရွာတရွာ ၃ ယောက်ဖြစ်ဖြစ်၊ ၅ ယောက်ဖြစ် ဖြစ် ပါဝင်လှုပ်ရှားခွင့်ပေးမယ်၊ သတင်းအချက်တွေရရင်လည်းပဲ အချိန်နဲ့တပြေးညီ လုပ်ဆောင်နိုင်မှပဲ အဲဒီ ဒေသ လုံခြုံမှာပေါ့၊ ဒီလိုမှ မဟုတ်ဘဲ စာရွက်ပေါ်မှာပဲ ယေဘုယျ ဆန်ဆန်ရေးထား လို့ကတော့ စိတ်ချရတဲ့ လုံခြုံမှု ဘယ်ဖြစ် လာမလဲ” ဟု ဆို သည်။
မောင်တော အကြမ်းဖက်မှု အပြီး၊ ထိုဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော် ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင် သည့် စုံစမ်းရေး ကော်မရှင်၊ မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်သည့် တရားဥပ ဒေ စိုးမိုးရေး ကော်မတီ စသည်တို့ကို ဖွဲ့စည်း၍ ဆောင်ရွက်နေကြောင်းလည်း ဗိုလ်ချုပ် အောင်စိုး က ပြော ဆို ခဲ့သည်။
မောင်တော အကြမ်းဖက်မှုသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သည်။