ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကျူးကျော် နေထိုင်သူများ စာရင်းကောက်ယူမှု ပြုလုပ်ပြီးနောက် အသိအမှတ်ပြု စမတ်ကတ် ထုတ်ပေးခြင်းများ ပြုလုပ်နေရာ ယနေ့ အချိန်အထိ စမတ်ကတ် ၃ သောင်း ၇ ထောင်ကျော် ထုတ်ပေးပြီး ဖြစ်ကြောင်း သိရသည်။
အစိုးရသစ် လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေးသုတေသန စီမံကိန်းအဖြစ် ကျူးကျော်နေထိုင်သူများစာရင်း သွင်းခြင်း၊ စမတ်ကတ်ထုတ်ပေးခြင်းများကို၂၀၁၆ ခုနှစ် စက်တင်ဘာ ကတည်းက စတင်ပြုလုပ်ခဲ့ပြီး ယခုအခါ မြို့နယ် ၆ မြို့နယ် ရှိ ကျူးကျော် အိမ်ထောင်စုပေါင်း ၃၇၅၂၄ စုကို စမတ်ကတ်များ ထုတ်ပေးပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ တောင်ပိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ဧရာဝတီကို ပြောသည်။
“Pilot Project အနေနဲ့ တောင်ဒဂုံကို စတင်ခဲ့တယ်။ လုပ်ငန်းစီမံချက်အနေနဲ့ နောက်ထပ် ၁၂ မြို့နယ်ကို ထပ်ကောက်ရာ မှာ ၅ မြို့နယ်ပြီးသွားပြီ။ သာကေတမှာတော့ နည်းနည်းလေးကျန်နေတယ်။ အဲဒါကလည်း ဆယ်တန်းစာမေးပွဲတွေ ပြီးသွား တဲ့အခါ ပြန်ပြီးကောက်သွားမှာပါ” ဟု ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက ရှေ့ပြေးစီမံချက်(Pilot Project)အဖြစ် တောင်ဒဂုံမြို့နယ်တွင် စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး စီမံချက် မြို့နယ် ၁၂ မြို့နယ်အနက် အရှေ့ပိုင်းခရိုင်ရှိ ဒဂုံဆိပ်ကမ်း၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံအရှေ့ပိုင်း၊ မြောက်ဥက္ကလာ၊ သာကေတတို့ တွင် ပြီးစီးသွားပြီဖြစ်ကြောင်းလည်း ပြောသည်။
အနောက်ပိုင်း ခရိုင်ရှိ မရမ်းကုန်း၊ အလုံ၊ တောင်ပိုင်းခရိုင်ရှိ သန်လျင်၊ ကျောက်တန်း၊ ဒလ၊ မြောက်ပိုင်းခရိုင်ရှိ ရွှေပြည်သာ၊ လှိုင်သာယာ ၇ မြို့နယ်ရှိ ကျူးကျော်များကို စမတ်ကတ် ထုတ်ပေးရန် ကျန်ရှိသေးကြောင်း ဦးညီညီက ပြောဆိုသည်။
ယင်းကဲ့သို့ ကျူးကျော်စမတ်ကတ် ကိုင်ဆောင်ထားသူများအား နေထိုင်ရန် အိမ်ခန်းများကို ပြန်လည်ချထားပေးမည်ဖြစ်သ ဖြင့် ယင်းစမတ်ကတ်များကို ရောင်းဝယ်၊ ပေါင်နှံမှုများ ပြုလုပ်လျက်ရှိကြောင်း ကျူးကျော်နေထိုင်သူများထံမှ သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်နေ ကျူးကျော်စမတ်ကတ် ကိုင်ဆောင်ထားသူ တဦး ဖြစ်သည့် ဒေါ်စန္ဒာဝင်းက “သူတို့ရဲ့ စမတ်ကတ် တွေ ကို လောလောဆယ် ငွေလိုတော့ ငါးသောင်း၊ တသိန်းနဲ့ ပေါင်စားကြတာ ၉၃ ရပ်ကွက်မှာ တော်တော်များများ လုပ် နေ ကြတယ်။ တရားဝင် ရောင်းတာတော့ မရှိဘူး။ တချို့ကျတော့ ရောင်းမလား အပြတ်ပေးမယ် ၅ သိန်းပေးမယ်။ ၁၀ သိန်း ပေးမယ်တို့တော့ ရှိတယ်။ ဒါပေမယ့် ရောင်းသံတော့မကြားဘူး” ဟု ပြောသည်။
ယင်းသို့ ကျူးကျော်စမတ်ကတ်များကို တဆင့်ပြန်လည် ရောင်းချမှုများ၊ ပေါင်နှံမှုများရှိနေမှုနှင့် ပတ်သက်၍ ဦးညီညီက ၎င်း ထံ ပြည်သူများက ဖုန်းဆက်တိုင်ကြားမှုကြောင့် သိရှိရသဖြင့် စုံစမ်းမှုများပြုလုပ်ကာ ဝန်ကြီးချုပ်သိရှိရန် တင်ပြသွားမည်ဟု ပြောဆိုသည်။
ဆက်လက်၍ ၎င်းက ကျူးကျော် စမတ်ကတ်များကို လုံခြုံရေး အဆင့်မြှင့်တင်ထားသည့် အတွက် ကိုယ်ကျိုးစီးပွား ရှာသူ များ အနေဖြင့် ကျူးစမတ်ကတ်များကို လိုက်ဝယ်မည်ဆိုပါက အကျိုးအမြတ်ရရှိမည် မဟုတ်ကြောင်း ပြောသည်။
ဦးညီညီက “ရောင်းစားခဲ့ကြတဲ့ သာဓက နမူနာတွေ ယခင့်ယခင်မှာ ရှိခဲ့လို့ ဝန်ကြီးချုပ်ကနေ ဒါတွေကို တတ်သိနားလည် တဲ့ အိုင်တီပညာရှင်တွေနဲ့ ပေါင်းစပ်ပြီးတော့ လုပ်ထားတာလေ။ ဒီ finger print မှာ အကုန်လုံး လက်ဗွေရာတွေ ပါထားပြီး သား ဖြစ်နေတယ်။ နောက်တခုက အသေးစိတ် အချက်အလက်တွေလည်း ထည့်သွင်းတာဖြစ်တဲ့အတွက် နောက်ဆုံး သူတို့ အနေနဲ့ မိသားစုလိုက်လာပြီး ဒီ finger print ကို ပြန်နှိပ်ပေးတယ်ထားဦး တချိန်မဟုတ် တချိန်မှာ ပြန်မိမှာပဲ”ဟုလည်း ပြော ပြသည်။
ကျူးကျော်များကို ထုတ်ပေးသည့် စမတ်ကတ်များ၌ ဘားကုတ်များ၊ မိသားစုဝင်များ၏ လက်ဗွေရာများ၊ ဓာတ်ပုံများ ပါဝင်ပြီး အမည်ပေါက် စမတ်ကတ်ရရှိသူ မိသားစုများအနေဖြင့် အိမ်ခန်းရရှိသည့်အချိန်တွင် ယင်းမိသားစုဝင်များ၏ လက်ဗွေရာများ နှင့် ကိုက်ညီမှသာ တရားဝင် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
Pilot Project ပြုလုပ်ခဲ့သည့် တောင်ဒဂုံတွင် ကျူးကျော်နေထိုင်သူ အိမ်ထောင်စုပေါင်း ၅,၅၉၁ စု၊ လူဦးရေ ၂၂,၀၀၀ ကျော် ရှိကြောင်း၊ ကောက်ယူပြီးသည့် မြို့နယ် ၅ မြို့နယ်တွင် လူဦးရေ ၁ သိန်း ၃ သောင်းကျော် ၊ အိမ်ထောင်စုပေါင်း ၃၁,၉၃၃ စု ရှိကြောင်း ဦးညီညီက ပြောသည်။