ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု၏ အဓိက သံသယတရားခံ ဦးအောင်ဝင်းဇော်၏ ညီအစ်ကိုမောင်နှမ တော်စပ်သူ တချို့ကို ရဲတပ်ဖွဲ့က သွားရောက်တွေ့ဆုံမေးမြန်းကာ ၎င်းတို့ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းများကို သိမ်းယူသွား ကြောင်း သိရသည်။
ညီအစ်ကို တော်စပ်သူ၏ အိမ်ကို လဆန်းပိုင်း၊ အစ်မဖြစ်သူ၏ အိမ်ကို ပြီးခဲ့သည့် ရက်သတ္တပတ်က သွားရောက် မေးမြန်းခြင်း ဖြစ်ကြောင်း ၎င်းတို့ နေထိုင်ရာ ရန်ကုန်၊ ဒေါပုံမြို့နယ်မှ ဝါဆိုရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးညီညီထွေးက Myanmar Now ကို ပြောသည်။
“ဘယ်နေ့တွေလဲတော့ ကျနော် အတိအကျ မမှတ်မိဘူး။ ဖုန်းတွေ သိမ်းသွားဖို့ ကာယကံရှင်တွေကို ခွင့်တောင်းတယ်၊ ပိုင်ရှင်နဲ့ ကျနော်က လက်မှတ်ထိုးရတယ်။ ပြန်ပေးရင် ကျနော့်ဆီကနေ တဆင့်ပဲ ပြန်ပေးရမှာ။ ကနေ့အထိတော့ ပြန်လာ မပေးသေးဘူး” ဟု ဦးညီညီထွေးက Myanmar Now ကို ပြောသည်။
“သူတို့ စစ်မေးဖို့ မြို့နယ်အုပ်ချုပ်ရေးက လူနဲ့ ကျနော့်ကို ခေါ်တယ်။ ဘာတွေ စစ်မေးလဲတော့ ကျနော်လည်း မသိဘူး။ ကျနော်တို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကို ထူးခြားဖြစ်စဉ် သတင်းတင်ဖို့ အတွက်တောင် ဘာမှ မသိရဘူး၊ ဓာတ်ပုံတောင် ရိုက်ခွင့် မရဘူး။ ကျနော်က ဌာနဆိုင်ရာတွေ အဲဒီ အိမ်ထဲကို ဝင်ဖို့ ခွင့်တောင်းပေးရုံ လောက်ပဲ”
ဦးအောင်ဝင်းဇော်၏ အစ်မဖြစ်သူနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ ကလည်း လက်ကိုင်ဖုန်း သိမ်းဆည်းခံရမှုကို အတည်ပြုသည်။ ရဲတပ်ဖွဲ့က လာရောက်စဉ် လေးလေးစားစား ခွင့်တောင်းကာ စစ်ဆေး မေးမြန်းခြင်း ဖြစ်ကြောင်း၊ ဖိအားပေး ခြိမ်းခြောက်ပြောဆိုခြင်း မရှိကြောင်း၊ တခြားသော ဆွေမျိုးများကို စစ်ဆေး မေးမြန်းခြင်း ရှိ / မရှိ မသိရကြောင်း ပြောပြသည်။
“သက်ဆိုင်ရာက ဦးအောင်ဝင်းဇော်ကို သိလား မေးတော့၊ သိတယ်။ ဘာလို့ သိလဲလို့ ထပ်မေးတော့ အမျိုးတော်လို့ သိတယ်။ ဒါလောက်ပါပဲ။ သူ (ဦးအောင်ဝင်းဇော်) ဘာအလုပ် လုပ်လဲ ဆိုတာလည်း သူ့မိသားစုပဲ သိမှာ။ သူ့ ကိစ္စကိုလည်း ကျနော်တို့ ဘာမှ မသိဘူး။ သူ ကျူးလွန်သလား၊ မကျူးလွန်ဘူးလားလည်း မသိဘူး။ သူလုပ်ရင် သူ ခံရမယ်၊ သူ မလုပ်ရင် သူပြန်လာမှာပါ” ဟု ဦးအောင်ဝင်းဇော်၏ ယောက်ဖဖြစ်သူက ဆိုသည်။
“သူ့မိန်းမ ဘယ်မှာ ရှိနေတယ် ဆိုတာ သက်ဆိုင်ရာက မပြောဘူး။ အေးအေးချမ်းချမ်း ထားထားပါတယ် လို့ပဲ ပြောတယ်”
မိသားစုနှင့် မွေးချင်းတချို့ကို စစ်ဆေးမေးမြန်းမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူတချို့ထံ ဆက်သွယ် မေးမြန်းသော်လည်း လက်ခံ ဖြေကြားခြင်း မရှိပေ။
ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံ ခံရပြီးနောက် လုပ်ကြံသတ်ဖြတ်သူ သေနတ်သမား ဦးကြည်လင်းမှာ လေဆိပ်တွင်ပင် အထိန်းသိမ်း ခံလိုက်ရသည်။
ဦးကြည်လင်းအား ငှားရမ်းသတ်ဖြတ် စေခိုင်းသူဟု ယူဆရသည့် တပ်မတော်အရာရှိဟောင်း ဦးအောင်ဝင်းဇော် အကြောင်း စာနယ်ဇင်းများတွင် ဖော်ပြပြီးနောက်တွင် အာဏာပိုင်တို့က ဦးအောင်ဝင်းဇော်ကို ဖမ်းဆီးရမိထားပြီး ဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
တဖန် တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရန် ဦးအောင်ဝင်းဇော်အား ငွေ ကျပ် သိန်း ၁၀၀ ပေးခိုင်းစေသူ မှာ တပ်မတော်မှ ဒုဗိုလ်မှူးကြီး ရာထူးဖြင့် နှုတ်ထွက်ခဲ့သူ အောင်ဝင်းခိုင် ဆိုသူဖြစ်ပြီး၊ ၎င်းနှင့် ဆက်စပ် တရားခံများကို ဖမ်းဆီးရမိရေး စစ်ဆေး ဖော်ထုတ် နေကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယမန်နေ့က ထုတ်ပြန်ကြေညာသည်။
ရဲတပ်ဖွဲ့သည် ပြည်ထဲရေး ဝန်ကြီးဌာန၏ လက်အောက်တွင် ရှိနေပြီး၊ ပြည်ထဲရေး ဝန်ကြီးဌာနသည် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသည်။ ။