ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ရိုးရာမနောကွင်းတွင် ပြုလုပ်မည့် ကချင် အမျိုးသားညီလာခံကို လုံခြုံရေး တပ်ဖွဲ့များက ဝန်းရံပိတ်ဆို့ထားလိုက်ကြောင်းသိရသည်။
အဆိုပါ ညီလာခံ၏ ရည်ရွယ်ချက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေး အတွက် ကချင် ကိုယ်စားလှယ်များ ရွေးချယ်ရန်ဖြစ်သော်လည်း ကချင် ပြည်နယ်အစိုးရကမူ ညီလာခံကို ခွင့်ပြုထားခြင်း မရှိပေ။
လက်ရှိတွင် မနောကွင်းအတွင်း၌ ကိုယ်စားလှယ် ၁၅၀ ကျော် ရောက်ရှိနေပြီဖြစ်ပြီး၊ ယနေ့နံနက် ၉နာရီတွင် ကျင်းပရန် စီစဉ်ထားသော်လည်း နံနက် ၈ နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့ဝင် ၄၀ ခန့်က အချုပ်ကားတစီးဖြင့် ရောက်လာကာ မနောကွင်း ရှိ မဂျွယ်ခန်းမ ဝင်ပေါက်ကို ပိတ်ဆို့လိုက်ပြီး တချို့ ရဲတပ်ဖွဲ့ဝင်များကို မနောကွင်းခြံံစည်းရိုးအပြင်ဘက်တွင် ချထားလိုက်ခြင်းဖြစ်သည်။
ညီလာခံသို့ တက်ရောက်ရန် မနောကွင်းအတွင်း ရောက်ရှိနေသည့် ကချင် ပြည်နယ်ဒီမိုကရေစီပါတီ ၊ အင်ဂျန်းယန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါန်က “ပြည်နယ်အစိုးရက ခွင့်မပြုလို့ ဆိုပြီး ရဲတွေ ရောက်လာ တယ်။ ပိတ်ထားတယ်။ အခုတော့ ညီလာခံဖြစ်မြောက်ရေးကော်မတီက အစည်းအဝေးထိုင်နေပါတယ်။ ဘာမှမထူး သေးဘူး။ ကျမတို့လည်း စောင့်နေတယ်”ဟု ပြောသည်။
မနေ့ ဖေဖော်ဝါရီလ ၁၅ ရက်၊ ညနေ ၄ နာရီခန့်က ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ လုံခြုံရေး (နယ်လုံ) မှ တာဝန်ရှိ သူများက ကချင် အမျိုးသားညီလာခံကို မနောကွင်းအတွင်းရှိ ကချင်ရိုးရာ မဂျွယ် ခန်းမတွင် မပြုလုပ်ရန် တားမြစ်မှု ရှိခဲ့သည်။
သို့သော် ညီလာခံ တက်ရောက်မည့်သူများက မနောကွင်းမှာ အစိုးရပိုင်မဟုတ်ဘဲ ကချင် ပြည်သူများ ဆောက်လုပ် ထားသည့် ကွင်း၊ အဆောက်အအုံများ ဖြစ်သဖြင့် ဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းဆိုသည်။
ဒေါ်ဂျာဆိုင်းခေါန်က “အခုက ခန်းမကို အသုံးပြုခွင့်မပေးတာလား။ အစည်းအဝေးကို လုပ်ခွင့် မပေးတာလား ဆိုတာ ရှင်းရှင်းလင်းလင်းတော့ ကျမတို့ မသိရသေးဘူး။ ရဲတွေကတော့ ပိတ်ထားတယ်”ဟု ပြောသည်။
ရဲတပ်ဖွဲ့ဝင်အချို့ကို မေးမြန်းရာ အထက်က စောင့်ကြပ်ရန် ညွှန်ကြားသဖြင့် လာရောက်ပိတ်ဆို့ ထားခြင်းသာ ဖြစ်သည် ဟု ဧရာဝတီကို ပြောသည်။
ကချင် အမျိုးသားညီလာခံသို့ တက်ရောက်ရန် ပြည်နယ်အတွင်းရှိ မြို့အသီးသီးမှ ကချင်အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ကချင် ပြည်သူလူထု ကိုယ်စားပြု ရပ်မိရပ်ဖများ၊ ကချင် မျိုးနွယ်စု အသီးသီး၏ ကိုယ်စားလှယ်များ၊ ကချင် ခရစ်ယာန် အသင်းတော်ပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားနေသည့် ကချင်တိုင်းရင်းသား စုစုပေါင်း ၅၀၀ ကျော် တို့က ပြင်ဆင်ထားကြသည်။
ကချင် နှစ်ခြင်းအသင်းတော်( KBC) မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်က “အစိုးရကနေ ရွေးချယ် ထားတဲ့ ဂျိမ်းဖောကိုယ်စားလှယ်တို့၊ လချိဒ်ကိုယ်စားလှယ်တို့ဆိုတာ အစိုးရက ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေပေါ့ နော် ။ ကျနော်တို့ ကချင် အားလုံးရဲ့ ကိုယ်စားကတော့ ၁၆၊ ၁၇ မှာ ရွေးချယ်မယ့် သူတွေပါ။သူတို့က ကျနော်တို့ ကချင် အားလုံးကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်တွေပဲ”ဟု ပြောသည်။
ညီလာခံကို ဖေဖော်ဝါရီလ ၁၆ ရက် မှ ၁၇ ရက် ထိပြုလုပ်ရန် ရည်ရွယ်ထားပြီး ကချင် ကိုယ်စားလှယ် ၁၀၀ ခန့်ကို ညီလာခံအတွင်း ရွေးချယ်သွားမည်ဖြစ်ကာ ထို ကိုယ်စားလှယ်များထဲမှ အချို့ကို နေပြည်တော်၌ မတ်လတွင် ကျင်းပ မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်ခွင့်ရပါက တက်ရောက်စေမည်ဟု သိရသည်။
ရွေးချယ်သွားမည့် သူများကို ပင်လုံညီလာခံတွင် ဆွေးနွေးမည့် နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ၊ အထွေထွေ စသည့် ခေါင်းစဉ်များ အောက်တွင် ကချင် ကိုယ်စားလှယ်များ အဖြစ် အသီးသီးဆွေးနွေးနိုင်ရန် ကဏ္ဍအလိုက် ရွေးချယ်ထားမည်ဟုလည်း ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။
“ဟိုမှာ ဘယ်ခေါင်းစဉ်နဲ့ ဘယ်နှစ်ယောက် ကန့်သတ်ဖိတ်မလဲ မူတည်တယ်။ ကျနော်တို့ ၁၀၀ ထဲက ကိုယ်စားလှယ် သွားမယ်။ ဒါက ဒီဘက်က ပြင်ဆင်မှုပါ။ ဟိုဘက် (အစိုးရ) ကတော့ ခေါ်မလား မခေါ်ဘူးလားတော့ မသိသေးပါဘူး” ဟုလည်း ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။
ကချင် အမျိုးသား ညီလာခံကို ကျင်းပပြီး ၂၁ရာစုပင်လုံ အစည်းအဝေးအတွက် ကိုယ်စားလှယ် ရွေးချယ်ရခြင်းမှာ လက်ရှိတွင် ပင်လုံအစည်းအဝေးသို့ တက်ရောက်ရန် ရွေးချယ်ခံထားရသူများမှာ ကချင် ပြည်သူလူထုမှ ရွေးချယ် သည့်သူများ မဟုတ်ဘဲ အစိုးရက ရွေးချယ်ထားခြင်း ဖြစ်သဖြင့် ကချင်တမျိုးသားလုံးမှ ၎င်းတို့ ကိုယ်စားလှယ်များကို ရွေးချယ်ရန် ကျင်းပရခြင်း ဖြစ်သည်ဟု ညီလာခံ တက်ရောက်မည့် သူများက ပြောသည်။
ညီလာခံ ဖြစ်မြောက်ရေး အတွင်းရေးမှူး အဖွဲ့ဝင် ဦးတန်ဂွန်းကလည်း ရွေးချယ်မည့် ကိုယ်စားလှယ် ၁၀၀ ကို ကဏ္ဍအလိုက် ခွဲဝေတာဝန်ပေးမည် ဖြစ်ပြီး အချို့မှာ နောက်ကွယ်မှ ပံ့ပိုးပေးမည့် ကဏ္ဍတွင် ပါဝင်ကြရမည် ဖြစ်သည်ဟု ပြောသည်။
ဦးတန်ဂွန်းက “ ဒီမှာ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်နဲ့ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဘယ်လို ကျင်းပတယ်ဆိုတာ ကျနော်တို့ကိုယ်စားလှယ်တွေနဲ့ လူထုကို ချပြမယ်။ ဒါတွေကိုနားလည်မှ ၂၁ပင်လုံကို ဘယ်လို သွားမလဲဆိုတာ ကျနော်တို့ အမျိုးသားလူထုက နားလည်မယ်။ အဓိက ဒါတွေကိုလည်း ညီလာခံမှာ ရှင်းပြဖို့ ရည်ရွယ် ထားပါတယ်”ဟု ဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြု လုပ်မည်ဟု ပြောဆိုထားသော်လည်း ချင်းပြည်နယ်တွင် အမျိုးသားအဆင့်နိုင်ငံရေး မကျင်းပရသေးသဖြင့် မတ်လသို့ ရွေ့ဆိုင်းလိုက်ရသည်။
အဆိုပါ ဒုတိယအကြိမ်အစည်းအဝေးတွင် အစိုးရ၊ တပ်မတော်၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီမှုစာချုပ် လက်မှတ် (NCA) ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့၊ နိုင်ငံရေးပါတီ ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များစသဖြင့် အစုအဖွဲ့ အသီးသီးစီဖြင့် ဆွေးနွေးကြမည် ဖြစ်သည်။
ထိုအစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ် ၇၀၀ ခန့် ရွေးချယ်ပြီး တက်ရောက် ဆွေးနွေးကြမည် ဖြစ်သည်။
ဆွေးနွေးကြမည့် အကြောင်းအရာများမှာ NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ နှင့် သက်ဆိုင်သည့်၊ ပြည်နယ်နှင့် တိုင်းများတွင် ကျင်းပပြုလုပ်ထားသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၌ ဆွေးနွေးထားသည့် နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ၊ အထွေထွေ တို့ ဖြစ်သည်။
ကဏ္ဍ ၆ ခုရှိသည့် အနက် ၅ ခုကိုသာ အမျိုးသားအဆင့်တွင် ဆွေးနွေးခွင့်ပေးထားပြီး ကျန် လုံခြုံရေးကဏ္ဍ ကိုမူ ပြည်ထောင်စုအဆင့်ဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး မှာသာ ဆွေးနွေးမည် ဖြစ်သည်။
ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှာ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားဆဲ ဖြစ်ပြီး NCA မရေးထိုးရသေးပေ။ ထို့ကြောင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလည်း မကျင်းပရသေးပေ။