မြန်မာ့တပ်မတော်က အင်အားအလုံးအရင်းဖြင့် ဖိအားပေးလာသောကြောင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) သည် ၎င်း၏ တပ်စခန်းငယ်နှစ်ခုကို စွန်လွှတ်ခဲ့ရသည်ဟု ဒေသသတင်းရင်းမြစ်များက ပြောသည်။
MNLA က စွန့်လွှတ်ခဲ့ရသော တပ်စခန်းတခုမှာ သံဖြူဇရပ်မြို့နယ်တွင် ရှိပြီး အခြားတခုမှာ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူတောင်ကြားအနီးတွင် ရှိသည်။
“ကျနော်တို့ တပ်ဖွဲ့တွေ ထွက်သွာဖို့ မြန်မာစစ်တပ်က ဖိအားပေးတယ်။ ပါတီက လူတွေကိုတော့ ဆက်ပေးနေပါတယ်။ ဒါပေမယ့် ကျနော်တို့ အားလုံးအတူတူ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တယ်”ဟု MNLA တပ်ဖွဲ့မှ အရာရှိ ဇော်လတ်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။ မွန်ပြည်သစ်ပါတီသည် MNLA ၏ ဦးဆောင် နိုင်ငံရေးပါတီဖြစ်သည်။
ထိုလုပ်ရပ်မှာ တနင်္ဂနွေနေ့က မွန်အမျိုသားနေ့ ကျင်းပခြင်းအတွက် လက်စားချေခြင်းဖြစ်သည်ဟု ယူဆကြောင်း ဇော်လတ်က ပြောသည်။ မွန်အမျိုသားနေ့ မကျင်းပမီ ထိုအခမ်းအနားတွင် စစ်ရေးပြချီတက်ခြင်း မပြုလုပ်ရန် မြန်မာ့တပ်မတော်က သတိပေးခဲ့သည်။ ထိုသို့ သတိပေးသော်လည်း မွန်တပ်ဖွဲ့က အခမ်းအနားတွင် စစ်ရေးပြချီတက်ခဲ့သည်။
ဗုဒ္ဓဟူးနေ့တွင်မူ အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရေးမြို့နယ်ရှိ မွန်ပြည်သစ်ပါတီ ဆက်သွယ်ရေးရုံးကို ဝင်ရောက်စီးနင်းပြီး လက်နက်များရှာဖွေသည်ဟု မွန်သတင်းရင်းမြစ်များက ဆိုသည်။
“သူတို့က အဲဒီရုံးကို နေ့လည် ၁၂ နာရီလောက်က ဝင်စီးပြီး ညနေ ၃ နာရီအထိ နေရာယူထားကြတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ မဖမ်းသေးဘူး” ဟု ဇော်လတ်က ပြောသည်။
တချိန်တည်းမှာပင် အစိုးရတပ်ဖွဲ့များသည် ဒေသအများအပြားရှိ MNLA စခန်းများအနီး တပ်ကူအများအပြားကို ချထားသည်။ တင်းမားမှုမြင့်မားနေပြီး ဘုရားသုံးဆူရှိ MNLA စခန်းကို မြန်မာ့တပ်မတော်က တိုက်လျှင် အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်သည်ဟု MNLA က ပြောသည်။
“ဘုရားသုံးဆူတောင်ကြားက ကျနော်တို့စခန်းကို တိုက်လာရင်တော့ မွန်ပြည်က တခြားနေရာတွေကိုဖြန့်ပြီး တိုက်ရမှာပဲ” ဟု ဇော်လတ်က ပြောသည်။
အင်္ဂါနေ့က မြန်မာ့တပ်မတော် သိမ်းပိုက်ခဲ့သောစခန်း ၂ ခုမှာ သံဖြူဇရပ်နှင့် ဘုရားသုံးဆူရှိ အရေးပါသောလမ်းများမှ စစ်ဆေးရေးစခန်းများ ဖြစ်သည်။ MNLA သည် မွန်ပြည်သစ်ပါတီအတွက် အဓိဝင်ငွေတခုအဖြစ် ယာဉ်မောင်းများထံမှအခွန်ကောက်ခံရန် ထိုစစ်ဆေးရေးစခန်းများကို ဖွင့်ထားသည်။
ယခင်က မြန်မာ့တပ်မတော်သည် မွန်ပြည်သစ်ပါတီကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ထိုးရန် ဖိအားပေးခဲ့သော်လည်း မွန်ပြည်သစ်ပါတီက ယခုအချိန်အထိ ထိုသို့လုပ်ဆောင်ခြင်း မရှိသေးပေ။ မွန်ပြည်သစ်ပါတီသည် မွန်ပြည်နယ်အစိုးရနှင့် နှစ်ဘက်အပစ်အခပ်ရပ်စဲရေးစာချုပ်ကိုမူ ၂၀၁၂ ခုနှစ်က ထိုးခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးခွင့်ပြုရေးနှင့် ပြညထောင်စုငြိမ်းချမ်းရေးညီလာခံ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ပြုရေးတို့ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင်ဖြစ်သော မွန်ပြည်သစ်ပါတီက တောင်းဆိုထားသည်။