ကျောပြင်ပေါ်က မီးလောက်ဒဏ်ရာတွေက သူ၏ ယခင် အလုပ်ရှင်က ဓာတ်ဗူး ၂ ဗူးစာ ရေနွေးပူများ အသားပေါ်ကို လောင်းချခဲ့သောကြောင့် ဖြစ်သည်ဟု မခင်ခင်ထွန်းကပြောသည်။ လိမ္မော်သီး ခိုးစားသည် ဆိုသည့် စွပ်စွဲချက်ဖြင့် လိမ္မော် သီး ၂ လုံး အတွက် ရေနွေး ၂ ဗူး လောင်းချခဲ့ခြင်း ဖြစ်သည်။
သူတို့သည် အသက် ၁၄ နှစ် အရွယ် မခင်ခင်ထွန်းနှင့် သူ၏ ညီမ ဖြစ်သူတို့သည် မြန်မာနိုင်ငံ တောင်ပိုင်း မော်လမြိုင်မြို့တွင် အိမ်အကူ အဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ ချမ်းသာကြွယ်ဝသည့် အိမ်များတွင် လူမသိ သူမသိ ရှိနေသည့် ကြီးမားသော ကလေးအလုပ်သမားထုထဲတွင် အပါအဝင် ဖြစ်ခဲ့သည်။
“ဒေါ်အေးအေးစိုးက ဓာတ်ဗူးတဗူးယူပြီးတော့ ကျမ ကိုယ် ဘယ်ဖက်ခြမ်းပေါ် လောင်းချတယ်။ အမှန်အတိုင်း ပြောဆိုပြီး ကျမကို ပြောတယ်။ ကျမမှာ လိမ္မော်သီး မရှိပါဘူးလို့ ပြန်ပြောတော့ ကျမကို ရိုက်တယ်” ဟု မခင်ခင်ထွန်း AFP သို့ ယခု အပတ်အတွင်း ပြောပြခဲ့သည်။
“အပူလောင်လို့ ကျမက အော်တော့ သူက ကျမ ခေါင်းကို ရိုက်တယ်။ သွေးတွေ အများကြီးထွက်တယ်။”
အသက် ၄၀ အရွယ် မုဆိုးမ တယောက်ဖြစ်သည့် ဒေါ်အေးအေးစိုးနှင့် သူ၏ မိခင် ဒေါ်တင်ပြုံးတို့ ထံတွင် ၃ နှစ် အလုပ် လုပ်ခဲ့ပြီးမှ မခင်ခင်ထွန်းကို ကယ်ဆယ်မည့် သူနှင့်တွေ့ခဲ့သည်။ မခင်ခင်ထွန်းက အိမ်အလုပ်လုပ်ရသလို သူတို့၏ ထမင်း ဆိုင်တွင်လည်း စားပွဲထိုး လုပ်ပေးရသည်။
မခင်ခင်ထွန်းကို သူ၏ ဖခင်က သူ့အတွက် ဆေးကုသ စရိတ် ရရှိရန် အိမ်အကူ အဖြစ်ပို့ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သူ၏ အသက် ၁၂ နှစ် အရွယ် ညီမဖြစ်သူ မသဇင်အောင်လည်း ရောက်လာခဲ့သည်။
အစပိုင်းတွင် တနေ့ကို ၁၇ နာရီကျော် အလုပ်လုပ်ရသည့်အတွက် မခင်ခင်ထွန်း တလလျှင် ၃၀၀၀၀ ကျပ် ရခဲ့သည်။ သို့ သော်လည်း ၂၀၁၅ ခုနှစ်တွင် သူ၏ ဖခင်ကွယ်လွန်သွားပြီးနောက် လစာမရတော့ပါ။ ရိုက်နှက်မှုများလည်း စတင် ပြုလုပ် လာခဲ့သည်။
မခင်ခင်ထွန်းကို ဒေါ်အေးအေးစိုးက ရေနွေးပူဖြင့် လောင်းသည်ကို ဒီဇင်ဘာလ အတွင်းက မြင်တွေ့ခဲ့ရသည်ဟု သူတို့ နှင့် အတူ အလုပ်လုပ်သည့် ဒေါ်လှရွှေက ပြောသည်။
ဒေါ်အေးအေးစိုးက ရေနွေးပူဖြင့် မလောင်းမီ ဆယ်ကျော်သက် မိန်းကလေးတယောက်ဖြစ်သည့် မခင်ခင်ထွန်းကို အဝတ်အစားများ အတင်း ချွတ်ခိုင်းခဲ့သည်ဟု ဒေါ်လှရွှေက ပြောသည်။
“ကျမ အဲဒီမြင်ကွင်းကို ကြည့်ရုံပဲ ကြည့်နေနိုင်တယ်။ ကျမ ဘာလုပ်နိုင်မှာလဲ။ ကျမ ဘာမှလည်း ပြောလို့ မရဘူး” ဟု သူက မျက်ရည်ကျရင်း ဆက်ပြောသည်။
မခင်ခင်ထွန်းနှင့် မသဇင်အောင်တို့သည် မိသားစုကို ထောက်ပံ့နိုင်ရန်အတွက် မြန်မာနိုင်ငံမှ မြို့ကြီးများတွင် တိုးပွား လာနေသည့် မြို့နေ လူချမ်းသာများ၏ အိမ်တွင် အိမ်အကူ အဖြစ်လုပ်ကိုင်နေကြရသည့် သောင်းနှင့် ချီသော လူငယ် များထဲမှ ဖြစ်သည်။
အထီးကျန်စွာ၊ ဥပဒေ အကာအကွယ်မဲ့စွာဖြင့် လူမမြင် သူမမြင် ရှိနေကြရပြီး ၎င်းတို့သည် ခေါင်းပုံဖြတ်ခြင်း နှိပ်စက် စော်ကားခြင်းများကို ကာကွယ်နိုင်စွမ်း အလွန်နည်းပါးနေသူများ ဖြစ်ကြသည်ဟု ကျွမ်းကျင်သူများက ပြောကြသည်။
ပြီးခဲ့သည့် နှစ်အတွင်းက ရန်ကုန်မြို့ရှိ အပ်ချုပ်ဆိုင်တခုတွင် ၅ နှစ်ကျော်ကြာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည့် ဆယ်ကျော် သက်အရွယ် အိမ်အကူ မိန်းကလေး ၂ ဦးကို တာဝန်သိသူများက ကယ်တင်နိုင်ခဲ့ပြီးနောက် အဆိုပါ ပြဿနာက အများ အာရုံစိုက်စရာ ဖြစ်လာသည်။
အင်းဝ အပ်ချုပ်ဆိုင် အမှုက တိုင်းပြည်ကို တုန်လှုပ်သွားစေခဲ့ပြီး ထိုကိစ္စကို မည်ကဲ့သို့ ကိုင်တွယ်ခဲ့သည်ကို စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် သမ္မတက အမိန့် ထုတ်ပြန်ခဲ့ရသည်။ နိုင်ငံ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့် အရေးကို ကာကွယ်ရန် အခိုင်အမာပြောကြားခဲ့သည့်တိုင် ခိုင်မာသော ဆောင်ရွက်မှုများ မဖော်ဆောင်နိုင်သေးပါ။
“စောင့်ကြည့်ဖို့က မဖြစ်နိုင်သလောက် နီးပါးပါပဲ” ဟု ရန်ကုန် အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) မှ လက် ထောက် ဆက်ဆံရေး အရာရှိ Piyamal Pichaiwongse ပြောသည်။
“ကာကွယ်မှုအတွက် အကောင်းဆုံး ပုံစံကတော့ ဆက်လက်ပြီး ပညာပေးဖို့နဲ့ အိမ်ထောင်စုတွေရဲ့ ဆင်းရဲ နွမ်းပါးမှုကို လျှော့ချဖို့ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
မခင်ခင်ထွန်းနှင့် သူ၏ ညီမဖြစ်သူတို့ကို ဒေသတွင်း NGO တခုကို တည်ထောင်ထားသူ ဒေါ်သီသီနွယ်က ဆေးရုံတွင် တွေ့ရှိပြီး ဒီဇင်ဘာလ နှောင်းပိုင်းတွင် ကယ်တင်နိုင်ခဲ့သည်။
NGO အဖွဲ့၏ ရုံးခန်းတွင် မခင်ခင်ထွန်းက သူ၏ အလုပ်ရှင်များက မိန်းကလေးများကို အစားအစာများ ခိုးယူသည်ဟု စွပ်စွဲ၍ ငြင်းဆန်လျှင် သူတို့ကို ကြိုးနှင့် ချီ၍ မီးလောင်နေသည့် ထင်းချောင်းဖြင့် ထိုးကြောင်း ရှင်းပြခဲ့သည်။
တခါတရံတွင် သူတို့ကို တယောက်နှင့် တယောက် သွေးထွက်သည်အထိ အပြန်အလှန် ရိုက်ခိုင်းကြောင်းလည်း ပြော သည်။ သွေးထွက်သည့်အခါ ဒဏ်ရာများကို ငရုတ်သီးမှုန့်များ၊ အချိုမှုန့်များ၊ ရှာလကာရည်များဖြင့် ပွတ်သည်ဟု ဆိုသည်။
“တကယ်လို့ ကျမတို့က တယောက်ကို တယောက် မရိုက်ဘူးဆိုရင် သူတို့က ရိုက်လိမ့်မယ်။ ဒါကြောင့် ကျမတို့ လုပ်ခဲ့ရ တယ်။ သူတို့က ကျမတို့ကို တယောက်ကို တယောက် မုန်းစေချင်တာ” ဟု မခင်ခင်ထွန်းက မျက်ရည်ကျရင်း လေသံ ပျော့ပျော့ဖြင့် ပြောသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ထိခိုက်နာကျင်စေမှု စွဲဆိုချက်များနှင့် ဒေါ်အေးအေးစိုး တရားရုံးသို့ ရောက်ခဲ့သော်လည်း သူ့ကို အာမခံရရှိရန် ငြင်းပယ်နိုင်သော ကလေးသူငယ် နှိပ်စက် ညှဉ်းပမ်းမှု စွဲဆိုချက်များ မပါဝင်ခဲ့ပါ။
ဒေါ်အေးအေးစိုး နှင့် သူ၏ မိခင်တို့က မော်လမြိုင် တရားရုံး အပြင်ဘက်တွက် AFP သတင်းထောက်များနှင့် စကားပြောရန် ငြင်းပယ်ခဲ့ကြသည်။ တရားခွင်သို့ သတင်းထောက်များ လာရောက်လေ့လာခြင်းကိုလည်း တားမြစ်ရန် သူတို့က ကြိုးစားခဲ့ ကြသည်။
ဒေါ်သီသီနွယ်နှင့် အဆက်အသွယ်ရရှိပြီးနောက် မိန်းကလေးများ၏ အဒေါ်ဖြစ်သူ ဒေါ်လှကြည်က မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်မှာ နှေးကွေးပြီး အကျင့်ပျက်ခြစားမှုများ ဖြစ်ပေါ်လေ့ ရှိသော်လည်း တရားစွဲဆိုသွားရန် ရဲဝံ့စွာ ဆုံး ဖြတ်ခဲ့သည်။
ပထမပိုင်းတွင် အလုပ်ရှင်များက မခင်ခင်ထွန်းသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသူ ဖြစ်ပြီး ကိုယ်ကိုယ်သူ ပြန်၍ ရေနွေးပူ လောင်းခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲခဲ့ကြောင်း ဒေါ်လှကြည်က AFP သို့ ပြောသည်။
“ကျမ ကလေးကို မြင်လိုက်တော့ စိတ်မကောင်းဖြစ်သွားတယ်။ ဒေါသလည်း ထွက်တယ်။ ဒါကြောင့် ကျမ အမှုဖွင့်ခဲ့တာ ပါ” ဟု သူက ပြောသည်။
ယခုအချိန် အထိ တခါတရံတွင် မူးဝေသည့် ဝေဒနာကို ခံစားနေရဆဲဖြစ်သည်ဟု မခင်ခင်ထွန်းကပြောသည်။ သို့သော် လည်း ယခုအခါ သူ၏ ညီမဖြစ်သူနှင့် အတူ ဘဝသစ်တခု စတင်ရန် မျှော်လင့်နိုင်ပြီ ဖြစ်သည်။
“ကျမ ညီမလေးကို ကျောင်းပြန်တက်စေချင်တယ်။ ကျမကတော့ ဒီအရွယ်မှာ ကျောင်းပြန်တက်လို့ ရနိုင်မလား မသိဘူး” ဟု သူက ပြောသည်။
(AFP သတင်းဌာနမှ Hla Hla Htay ၏ ‘There was a lot of blood’: Myanmar sisters scarred by abuse ကို ဘာသာပြန်ဆိုဖော်ပြသည်)