မွန်ပြည်နယ် ကျိုက်ထီးရိုးစေတီ အနီး သင်္ကန်းဝတ်ကာ အလှူခံနေသူ ၂ ဦးကို ကျိုက်ထိုမြို့နယ် တရားရုံးက သာသနာ ညှိုးနွမ်း စေမှုဖြင့် ဖေဖော်ဝါရီ ၁၄ ရက်က ထောင်ဒဏ် ၂ လစီ ချမှတ်လိုက်ကြောင်း ကျိုက်ထို မြို့နယ် သာသနာရေး ဦးစီး ဌာနက ပြောသည်။
ကျိုက်ထိုမြို့နယ် သာသနာရေးဦးစီးဌာနနှင့် သံဃ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့တို့မှ ကျိုက်ထီးရိုးစေတီအနီး သင်္ကန်း ဝတ်ကာ အလှူခံနေမှုများအား စီမံချက်ဖြင့် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ရှင်းလင်းဆောင် ရွက်ရာတွင် အလှူခံသူ ၅၀ ကျော်ကို ခေါ်ယူစစ်ဆေးခဲ့ပြီး လူဝတ်လဲကာ ခံဝန်ကတိ ထိုးစေခဲ့ကြောင်းလည်း သိရသည်။
ကျိုက်ထိုမြို့နယ် သာသနာရေးမှူး ဦးဝေနိုင် က “သူတို့ ၂ ဦးက ပထမတကြိမ် ခံဝန်ထိုးထားပြီး ထပ်မံပြုလုပ်လို့ တရား ရုံး တင်ပြီး အရေးယူလိုက်တာ၊ ကိုရင်ငယ်လေးတွေကျတော့ မိဘတွေကိုခေါ်ပြီး သားသမီးတွေကို နောက်တခါ ဒီလို မခိုင်းစားတော့ပါဘူးလို့ ဝန်ခံကတိ ထိုးခိုင်းတယ်၊ လူဝတ်လဲပြီး ပြန်ထည့်ပေးလိုက်တယ်၊ နောက်တခါဆို မိဘ တွေကို ပါ အရေးယူမယ်”ဟု ပြောသည်။
သာသနာရေး ဦးစီးဌာန အနေဖြင့် ခေါ်ယူ စစ်ဆေးခဲ့သူများထဲမှ သံဃာ ၁၉ ပါးကို ဝန်ခံကတိ ထိုးခိုင်ပြီး သက်ဆိုင်ရာ ကျောင်းတိုက်ကို ပြန်လွှတ်ခဲ့ကြောင်း၊ ကိုရင်ကြီး ၆ ပါး၊ ကိုရင်ငယ် ၂၆ ပါး(၁၀ နှစ်မှ ၁၃ နှစ်အတွင်း) ၊ သီလရှင်ငယ် ၂ ပါးနှင့် ရသေ့ ၂ ပါးတို့ကို ခံဝန်ကတိ ထိုးခိုင်းကာ လူဝတ်လဲစေခဲ့ကြောင်း သိရသည်။
ထိုသို့ ကျိုက်ထီးစေတီ အနီး သင်္ကန်းဝတ်ကာ အလှူခံခြင်းများကို ယခင်က ခေါ်ယူထိန်သိမ်း၍ လူဝတ်လဲမှုများ ပြုလုပ် ခဲ့ သော်လည်း ဥပဒေအရ အရေယူမှု အားနည်းသည့်အတွက် ပပျောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း မြို့နယ် သံဃ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင် ဆရာတော်တပါးက မိန့်ကြားသည်။
မြို့နယ် သံဃ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ အရှင် ပညာစက္က က “သမားရိုးကျ အလှူခံရင်မပြောပါဘူး၊ အခုက ကလေးငယ်တွေကို သင်္ကန်းပတ်ပေးပြီး အလှူခံခိုင်းတယ်၊ ရဟန်းကြီးတွေကလည်း စီးပွားရေးလုပ်ပြီး သာမဏ သာရုပ္ပ ထိခိုက်မှု ဖြစ်အောင် အလှူမခံသင့်ဘူးလေ၊ အမြင်မှာလည်း မသင့်တော်ပါဘူး၊ ဘုရားဖူးတွေလဲ စိတ် အနှောင့်အယှက် ဖြစ်စေတယ်”ဟု မိန့်ကြားသည်။
ကျိုက်ထီးရိုးစေတီ ရင်ပြင်တော်ပေါ်တွင် အလှူခံခြင်း မပြုရန်နှင့် လူစည်ကားရာ နေရာများတွင် သံဃာများ အလှူခံ ခြင်း မပြုရန် စည်းကမ်းချက် ထုတ်ပြန်ထားမှုများရှိပြီး အတုအယောင် သင်္ကန်းဝတ် အလှူခံသူများ ကိုလည်း ဥပဒေ အရ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားရန် ညွန်ကြားထားကြောင်း ကျိုက်ထီးရိုးစေတီ ဂေါပကအဖွဲ့ဝင် ဒေါက်တာ ခင်ဆောင်က ပြောသည်။
ဒေါက်တာ ခင်ဆောင်က “ဒီစီမံချက်က လုပ်ဖို့ရှိတာကြာပြီ၊ အလှူခံသူတွေက တဖြည်းဖြည်း များများပြီး ဆိုးဆိုး လာ တယ်၊ အရေးယူမှု အားနည်းတော့ ထပ်လုပ်ကြတာပဲ၊ နောက်လဲ စစ်ဆေးတာတွေ ဆက်လုပ်သွားဖို့ရှိပါတယ်”ဟု ပြောဆို သည်။
ထိုသို့ သာသနာအပေါ် အသုံးချသည့် အနေဖြင့် သင်္ကန်းဝတ်ကာ အလှူခံ လုပ်စားနေသူများ ရှိနေခြင်းကြောင့် အမှန် တကယ် သာသနာ အလုပ်လုပ်နေသည့် ရဟန်းသံဃာများကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် အတွက် အလှူခံ လုပ်စား နေသူများ ပပျောက်ရေးကို ဆက်လက် လုပ်သွားမည်ဖြစ်ကြောင်း သာသနာရေးမှူး ဦးဝေနိုင်က ပြောသည်။