ရခိုင် မြောက်ပိုင်း ဘူးသီးတောင်၊မောင်တောဒေသ နယ်မြေစစ်ဆင်ရေးနှင့် လုံခြုံရေးကိစ္စများ၌ တပ်မတော်၏ အခန်းကဏ္ဍကို လျှော့ချကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ဦးစီးဆောင်ရွက်နေပြီ ဖြစ်ကြောင်း သတင်းရရှိ သည်။
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက“တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ မလုပ် တော့ ဘူး။ နယ်မြေတည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ရဲတပ်ဖွဲ့က တာဝန်ယူနေတာပါ။ အဲဒီ လုပ်ငန်းစဉ်က ဇန်နဝါရီလကုန်ပိုင်းကတည်းက စနေတာပါ၊ လိုအပ်လို့ အင်အားဖြည့်ဖို့ကလွဲရင် တပ်မတော်က အဲဒီမှာ မရှိ တော့ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
သို့သော် တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အောင်ရဲဝင်းကမူ နယ်မြေရှင်းလင်းရေးကို တပ်မတော် အနေဖြင့် လုံးဝရပ်ဆိုင်းဦးမည် မဟုုတ်သလို ပုံမှန် လုံခြုံရေး ရယူခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။
“နယ်မြေ ရှင်းလင်းရေးကို လုံးဝ ရပ်ဆိုင်းမှာတော့ မဟုတ်ပါဘူး။ ပုံမှန်လုံခြုံရေးကတော့ ရှိနေပါတယ်။ တပ် ကို နောက်ဆုတ်ဖို့ ဆိုတာက ကိုယ်မသိတဲ့ အင်ဖော်မေးရှင်း ဖြစ်နေတယ်”ဟု သူက ပြော သည်။
တပ်မတော်နှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၏ နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်ရာတွင် လူ့အခွင့် အရေး ချိုးဖောက်မှုများ ရှိခဲ့သည်ဆိုသော ကုလသမဂ္ဂ၏ စွပ်စွဲချက်များကို မြန်မာအစိုးရ ရင်ဆိုင် ခဲ့ရပြီး နောက်တပ်မတော်၏ ပါဝင်မှုကို ကန့်သတ်ခြင်း ဖြစ်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေသည်။
ထိုဝေဖန်ချက်များကို သမ္မတရုံးက ပယ်ချခဲ့ပြီး နယ်မြေ တည်ငြိမ်အေးချမ်းလာမှုကြောင့် ယခုအစီ အစဉ် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
လက်ရှိ ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကိုလည်း ဒေသတည်ငြိမ်မှု အနေအထားပေါ် မူတည်၍ မကြာမီကာလအတွင်း ရုတ်သိမ်းသွားရန် ရှိကြောင်း၊ လက်ရှိတွင်လည်း အချိန်ကန့်သတ်မှု ကို လျှော့ချထားသည်။
အကြမ်းဖက်သူများ၏ သတင်းရရှိပါကလည်း နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့က ဦးဆောင်ရမည်ဖြစ်ပြီး တပ်မတော်က နောက်မှ လိုက်ပေးရမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ထပ်လောင်းပြောသည်။
အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းကလည်း ရခိုင်ဒေသနယ်မြေရှင်းလင်းရေး လုပ်ငန်း များတွင်တပ်မတော်၏ ပါဝင်မှုကို ရပ်ဆိုင်းလိုုက်ပြီး ယင်းဒေသသည် ရဲတပ်ဖွဲ့၏ အုပ်ချုပ်မှုအောက် သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ သတင်းထောက်များကို မနေ့က ပြောဆိုခဲ့သေးသည်။
“ရခိုင်မြောက်ပိုင်း အခြေအနေတွေက ငြိမ်သက်သွားပါပြီ။ စစ်တပ်က ဆောင်ရွက်နေတဲ့ နယ်မြေ ရှင်း လင်းရေး လုပ်ငန်းတွေကိုလည်း ရပ်တန့်ထားပြီး ဖြစ်ပါတယ်”ဟု ဦးသောင်းထွန်းက ပြောသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သည့် မောင်တောဒေသ တိုက်ခိုက်ခံရမှု နောက်ပိုင်း ဖြစ် စဉ်တွင် ပါဝင်ပတ်သက်သူ အားလုံးကို ဖမ်းဆီးမိရန်နှင့် ဆုံးရှုံးခဲ့ရသည့် လက်နက်အားလုံး ပြန်လည် ရရှိရန် မျှော်မှန်းခဲ့သော်လည်း လက်တွေ့တွင် အကုန်လုံး ပြန်ရရန် မဖြစ်နိုင်ကြောင်း သမ္မတရုံး ဝန်ကြီးဌာနမှ ပြောဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ဥပမာအားဖြင့် ထိုင်းတောင်ပိုင်းတွင်လည်း အကြမ်းဖက်သူများထံသို့လက်နက် ၁၀၀ ပါသွားသော် လည်း ထိုင်းအစိုးရက အကုန်လုံးပြန်မရပဲ လက်နက်အနည်းငယ်သာ ပြန်လည် ရရှိခဲ့သည်ဟု သိရကြောင်းလည်း ၎င်းက ပြောသည်။
“ဒီမှာက တော်တော်များများပြန်ရတယ်။ နည်းနည်းပဲ ကျန်တာ။ အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါတဲ့ သူတွေ ကိုလည်း မြန်မာ့မြေပေါ်မှာ ရှိသမျှတော့ ဖမ်းဆီး ထိန်းသိမ်းလိုက်နိုင်တယ်။ နယ်မြေ အခြေအနေကလည်း အကြမ်းဖက်ဆက်တိုက်ခိုက်မှုက လက်ရှိမှာ မရှိသေးဘူး”ဟု ဦးဇော်ဌေးက ပြောသည်။
မနေ့က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်မူ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော ဒေသ နယ်စပ်လုံခြုံရေးနှင့် အကြမ်းဖက်မှုများ ထိန်းချုပ်ရန်အတွက် အစိုးရ တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့က ပူးပေါင်း၍ လုံခြုံရေး တာဝန်များ လုပ်ဆောင်နေကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ် အောင်စိုး က ပြောဆိုခဲ့သည်။