သတင်း

သိရသမျှ ဦးအောင်ဝင်းခိုင် နောက်ကြောင်း

Want create site? Find Free WordPress Themes and plugins.

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရန် ငွေပေးခိုင်းစေသူဟာ တပ်မတော်မှ ဒုဗိုလ်မှူးကြီး ရာထူးဖြင့် နှုတ်ထွက်ခဲ့သူ (ဦး) အောင်ဝင်းခိုင်  ဆိုသူဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက မနေ့က  ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဧရာဝတီက လိုက်လံမေးမြန်းစုံစမ်းသမျှ သူဟာ စစ်တက္ကသိုလ် အပတ်စဉ် (DSA) အပတ်စဉ် ၃၆ ကို ၁၉၉၁ ခုနှစ် ဧပြီလကနေ ၁၉၉၅ ခုနှစ် ဧပြီလ ၇ ရက်နေ့အထိ တက်ရောက်ခဲ့သူတဦး ဖြစ်ကြောင်း သိရပါတယ်။

ကျောင်းဆင်းပြီးနောက် ရာထူးအဆင့်ဆင့်တိုးလို့ မကွေးတိုင်း ချောက်မြို့မှာ ခလရ ၁၃ မှာ ဗိုလ်မှူးဘဝနဲ့ တပ်ခွဲမှူး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမှာ ခလရ ၃၂ ယာယီတပ်ရင်းမှူး ဖြစ်လာခဲ့တယ်။ ၂၀၁၁ မှာ ဒုတိယ ဗိုလ်မှူးကြီးအဆင့် ရာထူးတိုးခံရပြီး ခလရ ၃၂ မှာပဲ တပ်ရင်းမှူးဖြစ်လာတယ်။

၂၀၁၄ မှာ တပ်မတော်ကနေ အငြိမ်းစား မယူခင် ကယားပြည်နယ် လွိုင်ကော်မှာ ရှိတဲ့ အမှတ် ၁၄ တပ်မတော် တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်း နည်းပြအရာရှိ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ ဗိုလ်မှူးကြီးတဦးက“သူက ကျနော်တို့ အပတ်စဉ်ကပါ။ ဒုတပ်ရင်မှူးသင်တန်းလည်း အတူတူ တက်ခဲ့ဖူးတယ်။ ကျနော်သိတဲ့ အောင်ဝင်းခိုင် ဆိုရင်တော့ ဦးကိုနီကေ့စ်မှာ ပါနေတာက တော်တော် ထူးဆန်းတယ်။ အံသြဖို့ကောင်းတယ်။ ဒါပေမယ့် ကျနော်တို့ မသိတဲ့ အကြောင်းတရားတွေလည်း ရှိနေနိုင်တယ်”လို့ ဧရာဝတီကို ပြောပါတယ်။

အပတ်စဉ် ၃၆ ဆင်း အခြားတဦးကလည်း  “၃၆ တွေ ဆုံတဲ့အခါတွေမှာ လာတယ်။ Gathering ပေါ့။ စီးပွားရေး လုပ်နေတယ်လို့ ကြားတယ်။ သူက အေးဆေးသမား။ ပြောရရင် ဘုရားတရား လုပ်တဲ့သူ။ ကြမ်းကြမ်းတမ်းတမ်းထဲက မဟုတ်ဘူး။ ဒီသတင်းကြားတော့ တော်တော် အံသြနေတာ”လို့ ပြောပါတယ်။ ဒါပေမယ့် ဘာစီးပွားရေးတွေ လုပ်နေလဲဆိုတာတော့ မပြောနိုင်ပါဘူး။

(ဦး) အောင်ဝင်းခိုင်ဟာ စစ်ကိုင်းတိုင်း တိုင်းမှူးနဲ့ ဝန်ကြီးချုပ် လုပ်ခဲ့ဖူးတဲ့ ဦးသာအေးရဲ့ ကိုယ်ရေးအရာရှိ လုပ်ဖူးတယ်ဆိုပြီး ကောလဟလတွေ ဆိုရှယ်မီဒီယာမှာ ပြန့်နေပါတယ်။ ဒါကို ဧရာဝတီအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

(ဦး) အောင်ဝင်းခိုင်ရဲ့ အကိုဖြစ်သူလည်း ဖြစ်၊ ဦးကိုနီသတ်မှုမှာ ပူးပေါင်းကြံစည်သူလည်းဖြစ်တဲ့ (ဦး) အောင်ဝင်းဇော်ကလည်း တပ်မတော်အရာရှိဟောင်းတဦးဖြစ်ပါတယ်။ ဒါ့ကြောင့် ထဲထဲဝင်ဝင် စစ်ဆေးဖော်ထုတ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းကလည်း အများပြည်သူတွေကြား မေးနေကြပါတယ်။

သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးကတော့ “ဒီကေ့စ်ကို ပြည်ထဲရေးက စစ်ပေမယ့် ကြေညာချက်တွေကို သမ္မတရုံး ထုတ်နေတာဟာ ဖြစ်စဉ် တခုလုံးကို သမ္မတရုံးက ကိုင်တွယ်နေတဲ့ သဘောပါပဲ”လို့ ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading