မန္တလေး ချမ်းအေးသာစံမြို့နယ်ရှိ စိတ္တရမဟီ အဆင့်မြင့်အိမ်ရာစီမံကိန်းကို တာဝန်ယူဆောက်လုပ်သည့် ပုဂ္ဂလိက ကုမ္ပဏီများအနေဖြင့် ပေးအပ်ရန်ကျန်ရှိ အဆောက်အအုံများကို မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေး ဦးစီးဌာနသို့ နောက်ဆုံးသတ် မှတ်ရက်အမီ မအပ်နှံပါက ဒုတိယအကြိမ် ဒဏ်ရိုက် အရေးယူသွား မည်ဟုသိရသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှုး ဒေါ်မီမီတင်က “ စာချုပ်သတ်မှတ်ရက်ထက် ကျော်လို့ ပထမအဆင့် ဒဏ်ကြေးချထားပြီးပါပြီ။ ဒီလကုန်လို့မှ ကုမ္ပဏီတွေဘက်က အဆောက်အအုံတွေ မအပ်နိုင်သေးရင် ဒုတိယအဆင့် ဒဏ်ရိုက်သွားမှာပါ”ဟု ၎င်းက ပြောသည်။
စီမံကိန်းစာချုပ်ပါစည်းကမ်းအရ ၂၀၁၆ နှစ်ကုန်တွင် အိုးအိမ်သို့ ပေးအပ်ရန်ကျန်ရှိသည့် အဆောက်အအုံ များကို လွှဲအပ်ရမည်ဖြစ်သော်လည်း ၂၀၁၇ ခုနှစ်သို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ပထမအကြိမ် ဒဏ်ကြေးငွေ ကျပ်သိန်း၂၀၀ (ကုမ္ပဏီ ၅ ခုပေါင်း ပေးဆောင်ရန်) သတ်မှတ်ပေးဆောင်စေခဲ့ပြီးဖြစ်သည်။
ယခုတကြိမ်တွင်လည်း ဖေဖာ်ဝါရီ လကုန်နောက်ဆုံးထား၍ အဆောက်အအုံများ အပ်နှံရမည်ဟု အချိန် ထပ်မံပေးထားပြီး၊ မအပ်နှံနိုင်ပါက ပထမအကြိမ် ဒဏ်ကြေးအတိုင်း ထပ်မံပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတောင်ဘက်ကျုံးဘေးနှင့် မျက်နှာချင်းဆိုင်ရှိပြီး မြို့လယ်ကောင်စီမံကိန်းတခုဖြစ်သော စိတ္တရမဟီ အဆင့်မြင့်အိမ်ရာစီမံကိန်းသည် ယခင်က ဝန်ထမ်းအိမ်ရာဖြစ်ပြီး ၂၀၁၄ နှစ်ဆန်းပိုင်းမှ စတင်ကာ ဝန်ထမ်း အိမ်ရာအပါအဝင် အဆင့်မြင့်အိမ်ရာစီမံကိန်းအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ဆောက်လုပ် ရေး ကုမ္ပဏီ ၅ ခုတို့က အကျိုးတူဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
၎င်းကုမ္ပဏီ ၅ ခုအနက် မန်းမြန်မာဆောက်လုပ်ရေး၏ မန်နေဂျင်း ဒါရိုက်တာ ဦးသန်းဝင်းက “အဆောက် အအုံပိုင်းက ရာနှုန်းပြည့်ပြီးစီးပါပြီ။ ဒါပေမယ့် ရေမြောင်း၊ ပလက်ဖောင်းတို့ စတဲ့အပိုင်းလေးတွေပဲ ကျန်ပါ တော့တယ်။ ဒီလ ၂၈ ရက်မှာ လွှဲပြောင်းဖို့ စီစဉ်နေပါတယ်” ဟု ပြောသည်။
စိတ္တရမဟီ အိမ်ရာစီမံကိန်းတွင် ဝန်ထမ်းအိမ်ရာအပါအဝင် ကွန်ဒိုများ၊ လူနေတိုက်ခန်းများ၊ ရုံးခန်းနှင့် အရောင်းပြခန်းများ ဖွင့်လှစ်နိုင်မည့် တိုက်ခန်းများပါဝင်ပြီး ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၁၄၀ ကျော်ကို ၂၀၁၅ နှစ်လယ်ပိုင်းက အိုးအိမ်သို့ အပ်နှံခဲ့ပြီး လက်ရှိတွင် အစိုးရဝန်ထမ်းများ နေထိုင်လျက်ရှိကြောင်း သိရသည်။
၁၉၅၁ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိခဲ့သည့် စိတ္တရမဟီဝန်ထမ်း အိမ်ရာသည် ၄ ဧကခွဲကျယ်ဝန်းပြီး မြို့ပြဖွံ့ဖြိုးမှုနှင့်ကိုက်ညီမှုရှိသော အိမ်ရာများအဖြစ် အဆင့်မြှင့်ရန် ယင်းစီမံကိန်းကို အကောင်အထည်ဖော်ခဲ့ရာ ကျုံးဘေးပတ်လည်တွင် အမြင့်ပေကန့်သတ်ထားသည့် အထပ်မြင့် အဆောက်အအုံများ ပါဝင်သောကြောင့် ဆောက်လုပ်ရေးကာလတွင် ယာယီဆိုင်းငံ့မှု များရှိခဲ့ပြီး မန္တလေး မြို့လယ်ကောင် အချက်အချာကျသည့်နေရာတွင် ရှိသောကြောင့် ယခင်အစိုးရ လက်ထက်က ပြည်ထောင်စုဝန်ကြီးအချို့မျက်စိကျခဲ့သည့် အိမ်ရာစီမံကိန်းတခုလည်းဖြစ်သည်။