မြန်မာနိုင်ငံ အနေဖြင့် မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒနှင့် ဥပဒေများကို ခေတ်၊ စနစ်နှင့် လိုက်လျော ညီထွေစွာ ပြောင်းလဲရန် မူးယစ်ဆေးဝါး မူဝါဒ ပြောင်းလဲခြင်း ထောက်ခံဆွေးနွေးရေးအဖွဲ့ (DPAG) က တိုက်တွန်းလိုက်သည်။
“၉၃ ဥပဒေကတော့ ပြစ်မှု၊ ပြစ်ဒဏ်ကို ဦးစားပေးတယ်။ အဲဒီတော့ သုံးစွဲသူတစ်ယောက်အတွက် ထောင်ဒဏ် ၈ နှစ်ကျ တယ်။ ထောင်ပဲကျတယ်။ ဘာမှဖြစ်မလာဘူး” ဟု DPAG မှ ညှိနှိုင်းရေးမှူး ဒေါက်တာ နန်းပန်းအိခမ်းက ဆိုသည်။
ဆက်လက်၍ သူက ၁၉၉၃ ခုနှစ်တွင် အတည်ပြု ပြဌာန်းခဲ့သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင်ရာ ဥပဒေ သည် ခေတ်နှင့် လိုက်လျောညီထွေမှု မရှိသည့်အပြင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အောင်မြင်သော ဥပဒေ မဟုတ်ကြောင်း သုံးသပ်သည်။
အပြစ်ပေးရန်သာ ရည်ရွယ်သည့် မူဝါဒဟောင်းများ အစား မူးယစ်ဆေးဝါး သုံးစွဲသူများ၏ ကျန်းမာရေး၊ အန္တရာယ် လျော့ချရေးနှင့် မိမိဆန္ဒအလျောက် ကုသမှု ခံယူရေး ၀န်ဆောင်မှုများကို လက်လမ်းမှီ ရယူနိုင်ရေးတို့တွင် မြှင့်တင်ရန်၊ မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် တပိုင်တနိုင် စိုက်ပျိုးသည့် အသေးစားတောင်သူများကို ပြစ်မှုကြောင်းအရ အရေးယူမှုကို အဆုံးသတ်ရန် DPAG က အကြံပြုသည်။
ထို့အပြင် စနစ်တကျ စီစဉ်ကျူးလွန်သည့် အကြမ်းဖက် ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါး အကြီးစား ထုတ်လုပ်မှုနှင့် လူကုန်ကူးမှုများကို ဦးတည် ပြစ်မှတ်ထားသည့် တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ပြန်လည် အာရုံစိုက်ရန်၊ ဘိန်းစိုက်ပျိုး သော အရပ်ဒေသများတွင် ဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်နိုင်ရန် အထောက်အကူပြု မြှင့်တင်ပေးရန်၊ မူဝါဒပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ရာတွင် အရပ်ဖက်အဖွဲ့အစည်းများနှင့် ထိခိုက်ခံစားလွယ်သော လူထုလူတန်းစားများ ပါ၀င်ရန်စသည့် မူဝါဒများကို အသုံးပြုရန် လိုအပ်ကြောင်း ဆိုသည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ ဒေါက်တာမီမီခိုင်ဇင်ကလည်း ၁၉၉၃ ဥပဒေသည် ကျန်းမာရေး စောင့်ရှောက်မှု၊ အန္တရာယ် ကြိုတင် ကာကွယ်ခြင်း လုပ်ထုံးလုပ်နည်းများကို သွေဖီနေသဖြင့် လူ့အခွင့်အရေးကို အလေးအနက် ထားသည့် ဥပဒေတရပ် လိုအပ်နေကြောင်း ပြောသည်။
ဒေါက်တာ မီမီခိုင်ဇင်က “အဲဒီ ဥပဒေဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေအစား ပြစ်ဒဏ်ချရေးကိုသာ ရှေးရှုနေတာပါ”ဟု ဝေဖန်သုံးသပ်သည်။
DPAG သည် မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒများနှင့် အလေ့အထများအပေါ် စိတ်ဝင်စားမှုရှိသူများဖြင့် ဖွဲ့စည်းထားသည့် ဆွေးနွေး အဖြေရှာရေး စင်္ကြန်တစ်ခုဖြစ်ပြီး အဖွဲ့တွင် မူးယစ်ဆေးဝါး သုံးစွဲသူများ၊ ဘိန်းစိုက်တောင်သူများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့်ပြည်တွင်းအခြေစိုက် အဖွဲ့အစည်းများ ပါ၀င်သည်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း မူးယစ် ဆေးဝါးမှု ၈၀၈ မှုမှ တရားခံ အမျိုးသား ၁၀၂၀ ၊ အမျိုးသမီး ၁၄၃ ဦး စုစုပေါင်း ၁၁၆၃ ဦးအား ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီး ဘိန်း ၃၄ မှုမှ ၁၉၅ ဒသမ ၁၉၆၁ ကီလို ၊ ဘိန်းဖြူ ၂၆၅ မှုမှ ရ ဒသမ ၆၄၉၂၄၂ ကီလို ၊ စိတ်ကြွရူး သွပ် ဆေးပြား ၄၄၈ မှုမှ ရ၃၄၈၄၀ ပြား စသည့် မူးယစ်ဆေးဝါးများစွာ ဖမ်းဆီးရမိခဲ့ကြောင်း အစိုးရ၏ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။