ရန်ကုန်မြို့ ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်တွင် မူးယစ်ဆေးဝါးမှုနှင့် လုယက်မှုများဖြင့် တရားခံပြေး ကြေညာထားသူ နဂါးလေး (ခ) အောင်နို်င်မြင့်ကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးသော်လည်း လွတ်မြောက်သွားသဖြင့် ဖမ်းဆီးရမိရေး ပိုက်စိပ်တိုက် ရှာဖွေနေကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံက သိရသည်။
အရှေ့ပို်င်း ခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက “မနေ့က ဖမ်းဆီးတော့ ရဲတပ်ဖွဲ့ဝင်တွေကို ကားနဲ့ တိုက်တာမို့ ရဲတွေဘက်က ပစ်ခတ် ဖမ်းဆီးတာဖြစ်ပါတယ်။ သူ့ဘက်က ပြန်ပြီး ပစ်ခတ်တာမျိုး မရှိပါဘူး။ ထိခိုက် ဒဏ်ရာ ရတာတော့ မရှိဘူး။ ပိတ်ဆို့ ဖမ်းဆီးပေမယ့် လွတ်မြောက်သွားတဲ့အတွက် ပိုက်စိပ်တိုက် ရှာနေတယ် ” ဟု ဧရာဝတီ သို့ ပြောသည်။
တရားခံပြေး နဂါးလေး (ခ) အောင်နိုင်မြင့်သည် ဒဂုံမြို့သစ်တောင်ပိုင်း၊ ၂၀ ရပ်ကွက်၊ လှော်ကားလမ်းနှင့် ဥဿဘုရား လမ်းဆုံ အနီးရှိ ကားဝပ်ရှော့တွင် ကားတစီးဖြင့် ရောက်ရှိနေကြောင်း သတင်းရသဖြင့် သွားရောက် ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်များကို မော်တော်ယာဉ်ဖြင့် တိုက်ပြီး ထွက်ပြေးခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
၎င်းမောင်းနှင် ထွက်ပြေးသွားသော ကားကို ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ကျည်စု အနောက်ကွင်း လယ်ကွင်း တွင် ကားစက်နှိုးလျက်၊ မီးဖွင့်လျက် ရပ်တန့်ထားပြီး ကားတွင် ကျည်ဆံရာများနှင့် အခြား ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
နဂါးလေး (ခ) အောင်နိုင်မြင့်ကို ဒဂုံမြို့သစ် တောင်ပိုင်းမြို့မ ရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/ ၁၉ ( က)/ ၂၁၊ လမ်းမတော် မြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၆/ ၃၂၃/ ၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။