အငြင်းပွားဖွယ် ဗုဒ္ဓဘာသာဂိုဏ်းတခု၏ ကျောင်းတိုက်ကြီးကို ထိုင်းရဲများ ဝင်ရောက်စီးနင်းခဲ့သော်လည်း ဒေါ်လာသန်း ၄၀ ခန့် အလွဲသုံးစားငွေများ လက်ခံခဲ့သောကြောင့် ရာဇဝတ်မှု စွဲချက်များ ရင်ဆိုင်နေရသော ဆရာတော်ကိုမူ ရှာဖွေမတွေ့ဟု ထိုင်းမှ လာသော သတင်းများက ဆိုသည်။
ထိုသို့စီးနင်းခြင်းမှာ သက်တော် ၇၂ နှစ်ရှိ ဓမ္မကာယဂိုဏ်းအကြီးအကဲဆရာတော် ဖရာဓမ္မဇယိုကို ဖမ်းဆီးရန် အကြိမ်ကြိမ် ကြိုးစားပြီး မအောင်မြင်ဘဲ ယခုကဲ့သို့ ဝင်စီးခဲ့ခြင်းဖြစ်သည်။ယခင်က သံဃာတော်အများအပြားနှင့်ယုံကြည်ကိုးကွယ်သူ နောက်လိုက်များ လမ်းများကို ပိတ်ထားခဲ့သဖြင့် အကြမ်းဖက်မှုများ ဖြစ်ပွားနိုင်ချေ ရှိခဲ့သည်။
ယခုအခါ ထိုင်းနိုင်ငံ၏ စစ်အစိုးရဝန်ကြီးချုပ် ပရာရွတ်ခန်အိုချာက ထိုဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင်ကို ကန့်သတ်နယ်မြေအဖြစ်အ ရေးပေါ်အခြေအနေကြေညာပြီး လူမဝင်ရောက်နိုင်ရန် လုပ်ဆောင်ခဲ့သည်။ ထိုင်းရဲရာပေါင်းများစွာတို့သည် အလွဲသုံးစားပြုငွေ ဒေါ်လာ သန်း ၄၀ လက်ခံခဲ့ခြင်း အပါအဝင် ရာဇဝတ်စွဲချက်များ ရင်ဆိုင်နေရသော အငြင်းပွားဖွယ်ရာ ဗုဒ္ဓဘာသာဂိုဏ်း၏ ဆရာတော်ကို ဖမ်းဆီးရန် ထိုကျောင်းတိုက်ကို စီးနင်းခဲ့ကြသည်။
နံနက်အရုဏ်မတက်မီ ထိုင်းရဲတပ်ဖွဲ့ဝင် ၃၀၀၀ ခန့်က ထိုကျောင်းတိုက်ကို ဝိုင်းထားခဲ့ပြီး ကျောင်းတိုက်အပေါက်ဝများကို ပိတ်ဆို့ထားသော တရားစာရွတ် ကန့်ကွက်နေသည့် သံဃာနှင့် လူ ရာပေါင်းများစွာကို တားဆီးထားခဲ့သည်။
ကျောင်းတိုက်ရှိ ဘုန်းတော်ကြီးများက မွန်းတည့်ချိန်ခန့်တွင် ရဲအချို့ကို ဝင်ခွင့်ပြုခဲ့ပြီး ထိုရဲများသည် ကျောင်းတိုက်အတွင်း သိမ်းကြုံးရှာဖွေကာ ထောက်လှမ်းရေးသတင်းများက ဖော်ပြနေသော ဆရာတော် သတင်းသုံးသည့်ကျောင်းဆောင်ကို ရှာဖွေကြသော်လည်း ထိုဆရာတော်ကို မတွေ့ရပေ။
“တရားမဝင်တာ ဘာမှမတွေ့ရဘူး။ ဟိုဆရာတော်ကိုလည်း မတွေ့ဘူး။ သူ့ကိုတွေ့မယ်ထင်ထားတာ။ ဒါပေမယ့် သတင်းက ပျံ့နေတော့ သူထွက်ပြေးသွာခဲ့တာဖြစ်မှာ” ဟု ထိုင်းနိုင်ငံ အထူး စုံစမ်းထောက်လှမ်းရေးဌာနမှ အထူးစစ်ဆင်ရေး ဒါရိုက်တာ ကိုဗစ်ဗန်နက်က မီဒီယာများကို ပြောသည်။
ထိုကျောင်းတိုက်ရှိ သံဃာများနှင့် ကိုးကွယ်သူများမှာ ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံရသော ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသူများဖြစ်သောကြောင့်ယခု စီးနင်းရှာဖွေခြင်းမှာ နိုင်ငံရေးပယောဂမကင်းဟု ထိုဂိုဏ်း၏ အချို့သောကိုးကွယ်သူများက ယူဆကြသည်။
ဓမ္မကာယဂိုဏ်းသည် ဗုဒ္ဓဘာသာကို ဓနရှင်ငွေကြေးမက်မောသောအယူအဆနှင့် ပေါင်းစပ်ထားသည်ဟု ဝေဖန်သူများက ပြောကြသည်။
ရွှေချထားပြီး ကြီးမားလှသော ပန်းကန်ပြားပျံသဖွယ် ဝဲပျံနေသည့် အမိုးခုံးရှိရာ ထိုကျောင်းတိုက်သည် ဗာတီကန်မြို့တော်၏ ဆယ်ဆခန့် ကျယ်ပြန့်သည်။
ဓမ္မဇယိုဆရာတော်ကို ကိုးကွယ်သူ ချေးငွေလုပ်ငန်းအကြီးအကဲတဦးမှာ ထိုကျောင်းတိုက်၏ လှူဒါန်းငွေ အလွဲသုံးစားမှုဖြင့် ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံရပြီး ဆရာတော်မှာလည်း ငွေကြေးခဝါချခြင်း ၊ခိုးရာပါပစ္စည်း လက်ခံခြင်းတို့ဖြင့် စွဲချက်တင်ခံရသည်။ သို့သော် ထိုငွေများမှာ မသမာသောငွေများဖြစ်သည်ဟု ဆရာတော် မသိရှိကြောင်း ထိုဂိုဏ်းက ပြောသည်။
ဆရာတော်ကို ဖိအားပေးရန်အတွက် မြေကျူးကျော်မှု ၃ မှုကိုလည်း ထပ်မံစွဲဆိုသည်။
ထိုဂိုဏ်းကို ၁၉၇၀ ခုနှစ်တွင် တည်ထောင်ပြီး ၁၉၈၀ခုနှစ်များအတွင်း ထိုင်းစီးပွားရေးတိုးတက်ချိန်တွင် အောင်မြင်ကြီးထွားလာသည်။ ၁၉၉၉ ခုနှစ် နှင့် ၂၀၀၂ ခုနှစ်တို့တွင်အလွဲသုံးစားမှု စွပ်စွဲချက်များကြောင့် ကျောင်းထိုင်အဖြစ်မှ ယာယီစွန့်လွတ်ရပြီး ၂၀၀၆ ခုနှစ်တွင် အပြစ်ကင်းကြောင်း သက်သေပြပြီး ကျောင်းထိုင်ပြန်ဖြစ်လာသည်။
ဆရာတော်ကို ငွေကြေးခဝါချမှုနှင့်ပတ်သက်၍ အထူးစုံစမ်းထောက်လှမ်းရေးဌာနက လွန်ခဲ့သောမတ်လက ဆင့်ခေါ်သည်။ ကျန်းမာရးမကောင်းကြောင်းပြောပြီး စစ်ဆေးခံရန် အကြိမ်ကြိမ်ပျက်ကွက်သောကြောင့် လွန်ခဲ့သောမေလတွင် တရားရုံးက ဖမ်းဝရမ်းထုတ်ကာ ကျောင်းတိုက်ကို ရဲက အကြိမ်ကြိမ်စီးနင်းရှာဖွေရန် ကြိုးစားသည်။
စီးနင်းရှာဖွေရာတွင် အခက်အခဲဖြစ်ရခြင်းမှာ သံဃာတော်များ သိက္ခာကျမည်စိုး၍ သံဃာတပါးကို သင်္ကန်းဝတ်ထားစဉ် ဖမ်းခွင့်မပြုသော ထိုင်းဥပဒေကြောင့်ဖြစ်သည်။