မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် အတွင်းရှိ စည်ပင်ပိုင်မြေ ဧက ၅၀၀ ကျော်ပေါ်၌ အကောင်အထည်ဖော် မည့် ရေတံခွန်တောင် ဂေါက်ကွင်း စီမံကိန်း စာချုုပ်ပါ မြေယာပိုင်ဆိုင်ခွင့်နှင့် ပတ်သက်သည့် အချက်ကို ပြန်လည်ပြင်ဆင်ရန် မန္တလေး စည်ပင်က စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။
ယင်းစီမံကိန်းမှာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖွံ့ဖြိုးသစ်ကုမ္ပဏီအား ငှားရမ်း လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ စာချုပ်ကို မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြန်လည် စစ်ဆေးခဲ့ပြီး “မြေယာဥပဒေ ထဲမှာတောင် မပါတဲ့အချက်တွေ စာချုပ်မှာ ထည့်ချုပ်ထားတယ်။ စာချုပ်မှာ ဥပဒေကြောင်းအရ ငြိစွန်းတဲ့ဟာတွေ ပြင်ဖို့ စည်ပင်ကိုပို့ပေးထားတယ်။” ဟု သူက ဧရာဝတီသို့ ပြောသည်။
စီမံကိန်းတွင် အပိုင်း ၂ ပိုင်းပါဝင်ပြီး အကြမ်းဖျင်းအားဖြင့် ပထမပိုင်းတွင် B.O.T စနစ်ဖြင့် ရေတံခွန်တောင် ဂေါက်ကွင်းနှင့် အပန်းဖြေအားကစား ဥယျာဉ်လုပ်ငန်းအား မြေဧက ၃၃၀ ပေါ်တွင် လုပ်ပိုင်ခွင့်ပြုခြင်းနှင့် ဒုတိယပိုင်းတွင် မြေ ၁၉၇ ဒသမ ၆ ဧကပေါ်တွင် ရေတံခွန်တောင် စီးပွားရေးနှင့် လူနေအဆောက်အအုံများ တည်ဆောက်ငှားရမ်းခြင်း လုပ်ငန်းတို့ ပါဝင်ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC) ၏ ခွင့်ပြုချက်ရခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဒုတိယအပိုင်းဖြစ်သည့် မြေဧရိယာ ၁၉၇ ဒသမ ၆ ဧကသည် စီမံကိန်း ပြီးစီးပါက ပုဂ္ဂလိကသို့ အပြီးအပိုင်လွှဲ ပြောင်းပေးအပ်မည်ဆိုသည့်အချက် စာချုပ်တွင်ပါရှိသောကြောင့် ပြင်ဆင်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း မန္တလေး စည်ပင် သာယာရေး ကော်မတီမှ သိရသည်။
စာချုပ်တွင်ပြန်လည်ပြင်ဆင်မည့် အဓိကအချက်မှာ “စီမံကိန်းပြီးစီးပါက ပုဂ္ဂလိကသို့ မြေယာအပြီးအပိုင် လွှဲပြောင်းပေးအပ်ခြင်း” ဆိုသောအချက်ဖြစ်ပြီး ၎င်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်ထက် ကျော်လွန်နေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူး ဦးအောင်ကျော် ထွန်းက ပြောသည်။
“စာချုပ်ပြင်ဖို့အတွက် ကုမ္ပဏီကို ဒီတပတ်ထဲ ခေါ်ထားတယ်၊ အပြီးအပိုင်လွှဲပေးတဲ့ အချက်ကိုပြင်ပြီး ကုမ္ပဏီ အမည်ပေါက် နှစ်ရှည်မြေငှား ဂရန်ပုံစံမျိုး ချပေးမယ်။ နှစ်ပြည့်ရင် ကော်မတီပိုင်မြေပဲ ပြန်ဖြစ်သွားမယ်” ဟု သူက ဆိုသည်။
စီမံကိန်းအတွက် ငှားရမ်းမည့်ကာလမှာ နှစ် ၅၀ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကျပ် သန်း ၄ သောင်း ဖြစ်ကာ ဌားရမ်းခ နှုန်းထား အနေဖြင့် ပထမနှစ်တွင် တလုံးတခဲတည်း ပေးသွင်းငွေ ကျပ် သန်း ၁၆၀၀၀၊ နှစ်စဉ် အကျိုးအမြတ်ကျပ် သန်း ၆၀ နှင့် မြေငှားခကျပ် ၅ သန်းကို တိုင်းအစိုးရအဖွဲ့က ရရှိမည်ဖြစ်ကြောင်း ၂၀၁၅- ၁၆ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆောင်ရွက်ချက် အစီရင်ခံစာ အရ သိရသည်။
ပုသိမ်ကြီးမြို့နယ်သည် မန္တလေး စည်ပင်နယ်နိမိတ် အတွင်း မပါသဖြင့် မြေငှားဂရန်ကိစ္စကို တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဆောင်ရွက်ရမည်ဖြစ်ကာ စည်ပင်ကော်မတီ အမည်ပေါက် ဂရန်မြေအဖြစ် ဆောင်ရွက်ပြီးမှ ကုမ္ပဏီအား အမည်ပေါက်ဂရန်လွှဲပေးမည်ဟု ဆိုသည်။
“ကုမ္ပဏီကို သူ့နာမည်ပေါက်ဂရန် ထုတ်ပေးထားပေမယ့် ရောင်းစားခွင့် ပေးမထားသလို စာချုပ်ပါ ကိစ္စရပ် တွေကိုပဲ ဆောင်ရွက်ခွင့်ရှိမယ်။ အဲဒီလိုမဟုတ်ဘဲ စာချုပ်စည်းကမ်းဖောက်ရင် ကော်မတီက မြေကို ပြန်သိမ်းလို့ ရမယ်” ဟု ဦးအောင်ကျော်ထွန်းကပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရှိ ကုမ္ပဏီမှတ်ပုံတင်စာရင်းများအရ ဖွံ့ဖြိုးသစ်ကုမ္ပဏီ သည် ၂၀၀၆ ခုနှစ်က စတင်မှတ်ပုံတင်၍ ၂၀၂၀ ခုနှစ်တွင်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စက်မှုလုပ်ငန်းနှင့် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများလုပ်ကိုင်သည်ဟု ဖော်ပြထားသည်။
ဖွံ့ဖြိုးသစ်ကုမ္ပဏီ ဒါရိုက်တာဦးရဲမြင့်က “စီမံကိန်းနဲ့ ပတ်သက်ပြီး ဘာမှမဖြေနိုင်သေးဘူး။ လုပ်ငန်းစမှ အကုန် ပြောပြနိုင်မယ်။ စာချုပ်ပြင်မှာက အစိုးရကိစ္စ၊ သူတို့လုပ်မှာမို့ သူတို့ကိုပဲ မေးပါ” ဟု ဧရာဝတီသို့ ပြန်လည် ဖြေကြားခဲ့သည်။