ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းနှင့် မော်ထိုက် ဒေသတို့တွင် အစိုးရ တပ်မတော် နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့် တပ်ဖွဲ့ (MNDAA) တို့ကြား တကျော့ပြန် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
ကုန်းကြမ်းနှင့် မော်ထိုက်ဒေသရှိ MNDAA တပ်မဟာ (၂၁၁) လက်အောက်ခံ လှုပ်ရှားတပ်များနှင့် တပ်မတော် စစ်ကြောင်း များ တိုက်ပွဲဖြစ်ပွားနေသည်မှာ တလခန့် ရှိလာပြီဖြစ်ပြီး ယခုရက်ပိုင်းတွင် တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်း၊ လက်နက် ကြီး များဖြင့် ပစ်ကူခြင်းတို့ကိုပါ အသုံးပြုလာကြောင်း MNDAA ဘက်က ပြောသည်။
MNDAA တပ်မဟာမှူး တဦးက “တိုက်ပွဲက ပြင်းထန်ပါတယ်။ တပ်မတော်က လေကြောင်း စစ်ဆင်ရေးရော၊ လက်နက် ကြီး တွေ အသုံးပြုမှုရော ပုံစံမျိုးစုံနဲ့ တိုက်နေတာပါ။ မနေ့ကနဲ့ ဒီနေ့ဆို တော်တော်ကို ပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်” ဟု ဧရာဝတီ သို့ ပြောသည်။
နှစ်ဖက်တပ်များ ကျဆုံးဒဏ်ရာရရှိမှု အခြေအနေ၊ ဒေသခံပြည်သူများ ထိခိုက်မှု ရှိ၊ မရှိနှင့် ပတ်သက်၍ လတ်တလော ဖြေကြား ပေးနိုင်ခြင်း မရှိသေးသော်လည်း မြေပြင်သတင်းများ အပြည့်အစုံတက်လာလျှင် ဖြေကြားပေးသွားမည် ဖြစ်ပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမည့် အလားအလာ ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။
တပ်မတော်အနေဖြင့် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း လိုအပ်လျှင် ထုတ် ပြန် ပေးမည့် အစီအစဉ်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြား ရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်း က ပြောသည်။
ဗိုလ်ချုပ် အောင်ရဲဝင်း က “ကျနော်တို့ သတင်းထုတ်ပြန်မယ့် နေ့ကျရင်တော့ ထုတ်ပြန်ပေးပါ့မယ်။ လောလောဆယ်တော့ ကျနော်တို့ မထုတ်ပြန်သေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
MNDAA နှင့်အတူ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု (Northern Alliance – Burma) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်သော ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က အစိုးရ အနေဖြင့် ငြိမ်းချမ်းရေးကို အမှန် တကယ် လိုလားပါက ငြိမ်းချမ်းစွာ ဆွေးနွေး အဖြေရှာသည့် နည်းလမ်းကိုသာ အသုံးပြုသင့်ကြောင်း ပြောဆိုသည်။
TNLA မှ ဗိုလ်မှူးကြီး တာဘုန်းကျော် က “ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရက မြန်မာ့တပ်မတော်ရဲ့ အခု ထိုးစစ်ဆင်နေတဲ့ဟာကို မရပ်နိုင်ဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည် ပြောနေတဲ့ ငြိမ်းချမ်းရေးတွေက ပါးစပ်ပြောပဲ ရှိပါလိမ့် မယ်။ လက်တွေ့အောင်မြင်မှု ရှိမှာ မဟုတ်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ကုန်းကြမ်းနှင့် မော်ထိုက်ဒေသတွင် MNDAA လှုပ်ရှားတပ်များ အပေါ် တပ်မတော်က မြေပြင်၊ ဝေဟင် စစ်ဆင်ရေးများ ပြုလုပ် နေသည့် တချိန်တည်းတွင်ပင် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ဒေသတွင်လည်း TNLA လှုပ်ရှားတပ်များနှင့် တပ်မတော် စစ်ကြောင်းများ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဗိုလ်မှူးကြီး တာဘုန်းကျော်က သည်။
MNDAA သည် အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် မထိုးရသေးသော အဖွဲ့ ဖြစ်ပြီး NCA လက်မှတ် ထိုးနိုင်ရေးနှင့် အစိုးရက ပြုလုပ်မည်ဖြစ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ သို့ တက်ရောက်နိုင်ရန် ကြိုးပမ်းနေသော အဖွဲ့ဖြစ်သည်။
၂၀၀၉ ခုနှစ်တွင် ဦးဖုန်ကြားရှင် ဦးဆောင်သည့် MNDAA အဖွဲ့ကို တပ်မတော်က လောက်ကိုင်ဒေသတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ လက်နက် ထုတ်လုပ်မှု စသည့် စွပ်စွဲချက်များနှင့် တိုက်ခိုက်ခဲ့ကာ ကိုးကန့်ဒေသကို ထိန်းချုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပြင်းထန်သည့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့၍ နှစ်ဖက် အသေအပျောက်များခဲ့သည်။