မြစ်တွင်းသွားရေကြောင်း သယ်ယူပို့ဆောင်ရေးအဖြစ် Water Taxi (အမြန်ရေယာဉ်) ပြေးဆွဲခြင်းကို လာမည့် မေလဆန်း တွင် စတင်ပြေးဆွဲနိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများသို့ ပြောကြားလိုက်သည်။
ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များကို ရေကြောင်းတက္ကစီ ပြေးဆွဲခြင်းလုပ်ငန်းလုပ်ကိုင်ရန် လုပ်ငန်းတင်ဒါကို နိုဝင်ဘာ ၂၀ ရက်ကစတင်ခေါ်ယူခဲ့ပြီး လျှောက်လွှာစောင်ရေ ၄၀ ကျော်အနက် ပြည်တွင်းကုမ္ပဏီနှစ်ခုသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
တင်ဒါရွေးချယ်စိစစ်ခြင်းကို ဖေဖော်ဝါရီ ၈ ရက်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တင်ဒါဝင်ပြိုင်သည့် ကုမ္ပဏီနှစ်ခုအနက် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်သည့် တင့်တင့်မြန်မာကုမ္ပဏီက တင်ဒါအောင်မြင်သွားကြောင်း သိရသည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “တင်ဒါခေါ်တဲ့အခါ ကုမ္ပဏီနှစ်ခုတင်တယ်။ အဲဒီအထဲကမှ စွမ်းဆောင်ရည်အများဆုံးနဲ့ အကောင်းဆုံးဖြစ်တဲ့ တင့်တင့် မြန်မာကုမ္ပဏီက အောင်မြင်မှုရခဲ့တယ်။ ဒီလုပ်ငန်းက နည်းနည်းကြီးတဲ့အတွက် တင်ဒါ ယှဉ်ပြိုင်သူနည်းပါတယ်။ အဲဒီထဲက အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့ မေလဆန်းမှာ စတင်ပြေးဆွဲပေးနိုင်ဖို့ ပြင်ဆင် နေပြီဖြစ်တယ်” ဟု ပြောသည်။
Water Taxi ပြေးဆွဲမှု ခရီးစဉ်လမ်းကြောင်းအနေဖြင့် ရန်ကုန်မြစ်နှင့် လှိုင်မြစ်တွင် လှိုင်သာယာမှ ပန်းဆိုးတန်းခရီးစဉ်အထိ ဆိပ်ကမ်းခုနစ်ခု၊ ငမိုးရိပ်ချောင်းတွင် ဒဂုံမြို့ သစ်မြောက်ပိုင်းမှ ညောင်တန်းခရီးစဉ်အထိ ဆိပ်ကမ်း ၁၁ ခုကို လျာထား ကြောင်း ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က ပြောဆိုထားသည်။