၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတကာအဆင့်မီ ဘတ်စ်ကားစနစ်ကို ပြောင်းလဲပစ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မီဒီယာများသို့ ပြောကြားလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင် အကောင်အထည် ဖော်နေသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများ စနစ်သစ် (YBS) ပြောင်းလဲခြင်း ၁ လပြည့်နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရရုံး မင်္ဂလာခန်းမ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ အထက်ပါအတိုင်း ပြောဆို လိုက်ခြင်း ဖြစ်သည်။
ဦးဖြိုးမင်းသိန်းက “ကျနော်တို့ ပြုပြင်ပြောင်းလဲမှုတွေကို စဉ်ဆက်မပြတ် လုပ်သွားမှာပါ။ ၂၀၁၈ ဇန်နဝါရီမှာ ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှု ဟာ နိုင်ငံတကာက သွားနေတဲ့ ပုံစံမျိုးထဲ ရောက်ဖို့ မျှော်မှန်းထားပါတယ်။ အဲဒီအတွက် ၃ လတကြိမ် Review တွေလည်း လုပ်ပါမယ်။ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း လက်တွေ့မြင်မျက်တွေ့အောင် ဆောင်ရွက်သွားမှာဖြစ် ကြောင်း အသိပေးလိုပါတယ်” ဟု ပြောဆိုသည်။
ဆက်လက်၍ ၎င်းက ပြောင်းလဲမှု၏ ဒုတိယလှိုင်းအဖြစ် လာမည့် ဧပြီလတွင် ဘတ်စ်ကားများကို GPS စနစ် တပ်ဆင်ကာ Bus Operator Team မှ ထိန်းချုပ် ကွပ်ကဲသွားမည် ဖြစ်ကြောင်း၊ ကားစီးသူများ အနေဖြင့် ငွေပေးချေမှုကို ကတ်စနစ်ဖြင့် သွားနိုင်ရန် Yangon Payment System (YPS) ကို ထူထောင်သွားမည် ဖြစ်ကြောင်း၊ ယင်း YPS ကတ်သည် ကားအပြင် ရထားနှင့် တခြား ဝန်ဆောင်မှုများတွင်ပါ အသုံးပြု၍ရရန် လုပ်ဆောင်ထားမည် ဖြစ်ကြောင်း ရှင်းပြသည်။
တိုင်းအစိုးရအနေဖြင့် ပြောင်းလဲလိုက်သည့် စနစ်သစ်တွင် ကားအသစ်များသာ ပြေးဆွဲသွားရန် ဆုံးဖြတ်ထားပြီး ကားပေါင်း ၄၅၀၀ ကျော်အထိ ပြေးဆွဲရန် မျှော်မှန်းထားကြောင်း၊ ကားများကို အဆင့်မြှင့်တင်ရုံသာမက ဘတ်စ်ကားမှတ်တိုင် ၂၀၀၀ ခန့် ရှိသည့်အနက် ၂၅၀ ကို ပထမ အဆင့်ရွေးချယ်ပြီး အဆင့်မြှင့်တင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်း သိန်း က ပြောသည်။
“ဒီနေရာမှာ ကားအသစ်တွေ ပြေးဆွဲဖို့ပဲ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်။ တိုင်းဒေသကြီး အစိုးရဘက်ကလည်း ဘဏ္ဍာ ငွေ လျာထားပါတယ်။ ဒါပေမယ့် ကျနော်တို့ အစိုးရပုံစံတခုနဲ့ ဆောင်ရွက်မှာ မဟုတ်ပါဘူး။ ကုမ္ပဏီပုံစံတခု အနေနဲ့ ဆောင်ရွက် သွားမှာဖြစ်ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။
ဆယ်စုနှစ်ပေါင်း များစွာ ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ကြီးကြပ် လုပ်ဆောင်ခဲ့သည့် မ.ထ.သ အဖွဲ့ အစည်းကို ယခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ဖျက်သိမ်းခဲ့ပြီး မ.ထ.သ လက်အောက်ရှိ ယာဉ်လိုင်းများကို အများပိုင်စနစ်သို့ ပြောင်းလဲ၍ စနစ်သစ်ကို ဇန်နဝါရီ ၁၆ ရက်တွင် စတင်ပြောင်းလဲ ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။
စနစ်သစ် စတင်ချိန်မှ တလပြည့်သည့် ဖေဖော်ဝါရီ ၁၆ ရက်အထိ ခရီးသွားပြည်သူများအတွက် အဆင်မပြေမှုများ ရှိနေ သေးကြောင်း YBS စီးနင်းသူများက ပြောသည်။
YBS စီးသူ မပိုးပိုး ဆိုသူက “ညီမက သန်လျင်မှာနေတော့ အလာကတော့ အဆင်ပြေပါတယ်။ ၃၁ ကားစီးတယ်။ အပြန် ကျတော့ အဆင်မပြေဘူး။ ကားတွေက ဘယ်မှတ်တိုင် ရပ်မှန်းခုထိ မသိ။ စောင့်စီးရတာ အဆင်မပြေဘူး။ စစချင်းက ဗိုလ်တထောင် ဘုရားရှေ့က စီးရတယ်။ အခုတော့ လမ်း ၅၀ လိုလို၊ ဗိုလ်တထောင်ဘုရားရှေ့လိုလိုနဲ့ ကားမှတ်တိုင်က မတိကျဘူး ဖြစ်နေတယ်။ အခုထိတော့ ကားစီးရတာ ကသိကအောက် ဖြစ်နေတုန်းပါ။ အရမ်းကြီးတော့ အဆင်မပြေသေး ပါဘူး” ဟု ပြောဆိုသည်။