ပညာရေးဝန်ကြီးဌာနမှ “ဆရာအတတ်ပညာရက်တိုသင်တန်း” ဖွင့်လှစ်ခြင်းမရှိ၍ ကိုယ်ပိုင်ကျောင်း ဆရာလုပ်ကိုင်လိုသူများမှာ အခက်အခဲကြုံတွေ့နေကြောင်း မြန်မာနိုင်ငံဆရာ၊ ဆရာမများအဖွဲ့ချုပ် ပြောသည်။
ယနေ့ ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ပြုလုပ်သည့် “မြန်မာတနိုင်ငံလုံးရှိ ကိုယ်ပိုင်ကျောင်းဆရာ များအတွက် ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ် (Green Card) ရရှိမှုနှင့် ပတ်သက်၍ ရင်ဆိုင်နေရသော အခက်အခဲများအကြောင်း” သတင်းစာရှင်းလင်းပွဲတွင် ပုဂ္ဂလိက ကျောင်းဆရာများက ထိုသို့ ပြောဆိုသွားခြင်း ဖြစ်သည်။
ကိုယ်ပိုင်မှတ်ပုံတင် ဥပဒေနှင့် နည်းဥပဒေတွင် ကိုယ်ပိုင်ကျောင်းဆရာလုပ်လိုသူများ၏ အရည်အချင်း အပေါ်ကန့်သတ်ချက်များ တင်းကျပ်ထားကြောင်း၊ ကိုက်ညီသူများကိုသာ လက်မှတ်ထုတ်ပေးပြီး၊ အရည်အချင်း မကိုက်ညီပါ က ဆရာအတတ်သင်ပညာရက်တို သင်တန်းတက်ရောက်ပြီးမှသာ ကိုယ်ပိုင်ကျောင်းဆရာ လက်မှတ်ရရှိမည်ဟု သတ်မှတ် ထားကြောင်း သိရသည်။
မြန်မာနိုင်ငံဆရာ၊ ဆရာမများအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးကျော်မင်းခန့်က “ဘွဲ့တခုပဲ ရမယ်ဆိုရင် လုပ်သက် ၅ နှစ်ရှိရမယ်၊ တနှစ်တခါ ထောက်ခံစာတရွက်ယူရမယ်၊ ထောက်ခံစာကလည်း ၅ရွက်ပြည့် ရမယ်၊ ထောက်ခံစာ ၅ရွက်မပြည့်ရင်မရဘူး၊ အဲဒီတော့ လုပ်သက်ရှိပြီး ဆရာ တွေ ထောက်ခံစာမရှိရင် အကုန်နစ်နာကုန်တယ်” လို့ ပြောသည်။
ဆရာအတတ်ပညာရက်တိုသင်တန်းကို ၂၀၁၂ ခုနှစ်က (အထက-၂) စမ်းချောင်းမြို့နယ်မှာ တကြိမ် သာ ဖွင့်ခဲ့ပြီး နောက်ပိုင်း မဖွင့်လှစ်တော့သည့်အတွက် ဘွဲ့တခုသာရပြီး ကိုယ်ပိုင်ကျောင်းဆရာလုပ် လိုသော ပညာတတ်လူငယ်များစွာ အခွင့်အလမ်းဆုံးရှုံးနေကြောင်း ၎င်းက ဆက်ရှင်းပြသည်။
ပြင်ပတွင် လုပ်သက် ၃၈ နှစ်ခန့်ရှိပြီဖြစ်သော်လည်း လုပ်သက် ၅ နှစ်ပြည့်လက်မှတ် အလွယ်တကူ မရသဖြင့် ကိုယ်ပိုင်အတတ်သင်ကျောင်းများတွင် အလုပ်လုပ်ခွင့်မရဖြစ်နေကြောင်း အသက် ၆၀ အရွယ် မြန်မာစာ ဆရာ ဦးနန်းဦးကလည်း ဆိုသည်။
“ကျွန်တော်ပြောချင်တာက သင်တန်းဖွင့်ပါ၊ အရည်အချင်းစစ်စာမေးပွဲစစ်ပါ၊ အရည်အချင်းရှိမှ လက်မှတ် ထုတ်ပေး၊ မရှိရင် မထုတ်ပေးနဲ့ ကျွန်တော်တို့ လက်ခံတယ်”ဟု ၎င်းက ပြောသည်။
ကိုယ်ပိုင် အတတ်သင်ကျောင်းဥပဒေ ပုဒ်မ ၁၇တွင် ပြည်တွင်း၊ ပြည်ပတက္ကသိုလ်မှ ပါရဂူဘွဲ့ ရရှိသူ၊ ပြည်တွင်း၊ ပြည်ပတက္ကသိုလ်မှ ဆရာအတတ်သင်ပညာဆိုင်ရာ ဒီပလိုမာ သို့မဟုတ် လက်မှတ် တခုခုရရှိသူ၊ ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် ဆရာအတတ်ပညာ ရက်တိုသင်တန်း လက်မှတ် ရရှိ သူသာ ကိုယ်ပိုင်သင်တန်းကျောင်းများတွင် ကျောင်းဆရာအဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ပြဌာန်းထားသည်။
“ပိုဆိုးတာက လက်မှတ်မရှိဘဲ စာသင်ရင် ထောင်ချနိုင်တယ်၊ ရဲအရေးပိုင်တယ် ဆိုတော့ ကျွန်တော်တို့ က လူသတ်မှု ကျူးလွန်နေတာမှ မဟုတ်တာ၊ တရားခံတွေမှ မဟုတ်တာ၊ ကျွန်တော်တို့ ရိုးရိုးသားသား စာသင်စား နေတာပါ”ဟု ဦးနန်းဦးက ဆိုသည်။
ထို့အပြင် ကိုယ်ပိုင်ကျောင်းဆရာလက်မှတ် လျှောက်ထားမှုကိုလည်း နှစ်စဉ် ဒီဇင်ဘာလ၊ဇန်နဝါရီ ဖေဖော်ဝါရီလတို့တွင် ရက်သတ္တပါတ် ၂ ပတ်ခန့်သာ အချိန်ပေး လျှောက်ထားခွင့်ပြုသဖြင့် အဆိုပါ ရက်အတွင်း မမီပါက တစ်နှစ်ပြန်လည်စောင့်ဆိုင်းရသည့် အခက်အခဲလည်း ရှိကြောင်း တက်ရောက် လာသည့် ဆရာများက ဧရာဝတီသို့ပြောသည်။