ကျောင်းသားများအား ဓမ္မတာနှင့် ဆန့်ကျင်သော လိင်ဆက်ဆံမှုပြုသည်ဟုဆိုကာ ပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်ထားခြင်းခံရသည့် မြောင်းမြမြို့နယ်၊ ကဝက်ကျေးရွာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်အောင်အား ဖမ်းဆီးစစ်ဆေးရန်အတွက် မြောင်းမြမြို့မရဲစခန်းက တိုင်းဒေသကြီး ပညာရေးဌာန၏ ခွင့်ပြုချက်အား တောင်းခံခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးက ခွင့်ပြုပေးခဲ့သည်။
“နေ့လည်တုန်းက မြို့မရဲစခန်းကနေပြီးတော့ သူက ပုဒ်မ ၃၇၇ နဲ့ အမှုဖွင့်ခံထားရတဲ့အတွက်ကြောင့် ဖမ်းဆီးချုပ်နှောင်ခွင့်ပြုပါဆိုပြီး စာရောက်လာတယ်။ ကျနော်တို့ကတော့ လုပ်ထုံးလုပ်နည်းအရ ဆက်လက်ဆောင်ရွက်ရန် သဘောတူတယ်ဆိုတဲ့ အကြောင်း မြို့မစခန်းကို ပြန်လည်အကြောင်းကြား ခဲ့ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူး ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးညွန့်စိုးက ဧရာဝတီကို ပြောသည်။
အသက် ၅၀ ကျော်အရွယ် ကျောင်းအုပ်ကြီး ဦးအောင်အောင်မှာ ပြီးခဲ့သည့်နှစ် မတ်လအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုချိန်ကာလတွင် အသက် ၂၃ နှစ်အရွယ် ၁၀ တန်းကျောင်းသားအား ဓမ္မတာနှင့် ဆန့်ကျင်သော လိင်ဆက်ဆံမှု ပြုလုပ်ခဲ့သည်ဟုဆိုကာ အဆိုပါကျောင်းသားဟောင်းက ကျောင်းအုပ်ကြီးအား မြောင်းမြမြို့မရဲစခန်းတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပုဒ်မ ၃၇၇ ဖြင့် အမှုဖွင်ခဲ့ခြင်း ဖြစ်သည်။
“တိုင်းပညာကတော့ ဖမ်းဆီးစစ်ဆေးဖို့ ခွင့်ပြုချက်ပေးလိုက်ပါပြီ။ အမှုကို ပြည့်စုံအောင ်တည်ဆောက်ပြီး ဥပဒေအကြံ တောင်းတင်ပြီးတော့ ဆက်လုပ်သွားမှာပါ။ လတ်တလောတော့ တရားလိုနဲ့ တရားလိုသက်သေ စစ်ဆေးပြီးပါပြီ။ တရားလို သက်သေတချို့နဲ့ တရားခံဘက်ကို စစ်ဆေးဖို့ ကျန်ပါသေးတယ်။ အမှုဖြစ်စဉ်ကတော့ အဲဒီကောင်လေးက မနှစ်က ၁၀ တန်းစာမေးပွဲဖြေဖို့ ဘုန်းကြီးကျောင်းမှာ တည်းရင်းနဲ့ ဖြစ်သွားတာပေါ့။ အခင်းဖြစ်လို့ ၁ နှစ်နီးပါး ကြာပြီး အခုချိန်ကျမှ အမှုဖွင့်တာပါ”ဟု မြောင်းမြ မြို့မစခန်းမှူး ဒုရဲမှူး အေးမင်းသိန်းက ပြောသည်။
အဆိုပါ ကျောင်းအုပ်ကြီး ဦးအောင်အောင်အနေဖြင့် ကျောင်းသားများကို ခြိမ်းခြောက်ပြီး ကာမရယူခြင်း၊
ကျောင်းသားများထံမှ ငွေကောက်ခံခြင်းနှင့် ကျောင်းထောက်ပံ့ငွေများကို ကိုယ်ကျိုးအတွက် အသုံးပြုခြင်းများ ပြုလုပ်နေကြောင်း ကဝက်ဒေသခံ ကျောင်းသားမိဘများနှင့် ဆရာတချို့က အခြေခံပညာ ဦးစီးဌာနရုံးချုပ်သို့ စာပို့ တိုင်ကြားခဲ့သည့်အတွက် အခြေခံပညာဦးစီးဌာနညွှန်ကြားချက်ဖြင့် မြောင်းမြခရိုင် ပညာရေးမှူး၊ မြောင်းမြမြို့နယ်ပညာရေးမှူးနှင့် လက်ထောက် ညွှန်ကြားရေးမှူးတို့ပါဝင်သည့် အဖွဲ့ဖြင့် ဌာနတွင်းခုံရုံးဖွဲ့ စစ်ဆေးမှုများကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စတင်လုပ်ဆောင်နေကြောင်း သိရသည်။
“သူ့ကို ဌာနတွင်းစစ်ဆေးမှုတွေ လုပ်ဆောင်ထားပြီး ဖြစ်တယ်။ အကယ်၍ ရဲတပ်ဖွဲ့က ဖမ်းဆီးတဲ့အချိန် ဌာနတွင်း စစ်ဆေးမှု မပြီးသေးရင်လည်း သက်ဆိုင်ရာရဲစခန်းမှူးကို ခွင့်တောင်းပြီး စခန်းရဲ့လုံခြုံတဲ့အခန်းမှာ စစ်ဆေးမှုတွေ ဆက်လုပ်မှာပါ”ဟု တိုင်းပညာရေးမှူး ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးညွန့်စိုးက ပြောသည်။
အဆိုပါ ကျောင်းအုပ်ကြီး ဦးအောင်အောင်အား ရဲတပ်ဖွဲ့က ဖမ်းဆီးပြီဆိုသည်နှင့် ပညာရေးဌာနဝန်ထမ်းအဖြစ်မှ ရပ်စဲထားမည်ဖြစ်ပြီး ဌာနတွင်း ခုံရုံးဖွဲ့စစ်ဆေးမှုအရ ကျောင်းသားများအား ငွေကောက်ခံမှုနှင့်ကျောင်းထောက်ပံ့ ကြေးများ ကိုယ်ကျိုးသုံးစွဲခြင်းများ ထင်ရှားပေါ်ပေါက်ပါက ပညာရေးဌာနအနေဖြင့် အရေးယူမှုများ လုပ်ဆောင် သွားမည်ဟု တိုင်းပညာရေးမှူးက ဆိုသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းကလည်း ကျိုက်လတ်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) မှ သမိုင်းဘာသာသင်ကြားသည့် ကျောင်းဆရာ ဦးရန်နိုင်မှာ ၈ တန်းကျောင်းသူ ၂ ဦးကို ကျောင်းခန်းအတွင်း သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်သည့်အတွက် ပုဒ်မ ၃၇၆ (မုဒိန်းမှု) ဖြင့် ကျောင်းသူတို့၏ မိဘများက အမှုဖွင့်တရားစွဲဆိုခဲ့သည့်အတွက် ကျောင်းဆရာ ဦးရန်နိုင်အား ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူခဲ့သည်။