“ဝ” ပြည်သွေးစည်းညီညွှတ်ရေးပါတီ/ “ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSP/UWSA) ၏ ဗဟိုဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့၌ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ထိပ်သီးအစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
UWSP/UWSA ထိန်းချုပ်နယ်မြေအတွင်း ယခုကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစည်းအဝေးသည် တတိယအကြိမ်မြောက်ဖြစ်ပြီး ယခင်ပြုလုပ်ခဲ့သော အစည်းအဝေးများတွင်လည်း အပစ်မရပ်ရသေးသော လက်နက်ကိုင် အဖွဲ့အစည်းများကို အဓိကထားဖိတ်ကြားခဲ့သည်။
UWSP/UWSA ပြောခွင့်ရပုဂ္ဂိုလ် ကျောက်ရှောက်ဖူက “အစည်းအဝေးကတော့ သုံးရက်လုပ်မှာလို့ ပြောပါတယ်။ ဆွေးနွေးမယ့် အကြောင်းအရာတွေတော့ မသိသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စ၍ သုံးရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး မြန်မာပြည် မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစု (NAB) အဖွဲ့ဝင်များနှင့် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလား အဖွဲ့ (NDAA) တို့ကို ဖိတ်ကြားထားကြောင်းသိရသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရပ်တန့်နေပြီး တွေ့ဆုံဆွေးနွေးရေး ရှေ့မဆက်နိုင်သေးသည့် အခြေအနေ၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကိစ္စများ ဆောင်ရွက်နိုင်ရေး အခြေအနေတို့ကို ဆွေးနွေးရန် ဖိတ်စာတွင် ပါဝင်ကြောင်း ဖိတ်ကြားခံရသည့် အဖွဲ့အချို့ ကပြောသည်။
ရှေ့မတိုးနိုင်တော့ဘဲ ရပ်တန့်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေ့ဆုံဆွေးနွေးမှုများ ပြန်စနိုင်ရန် အတွက် တင်ပြဆွေးနွေးရန် ပြင်ဆင်ထားကြောင်း အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခံထားရသည့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး တာဘုန်းကျော် က ပြောသည်။
ဗိုလ်မှူးကြီး တာဘုန်းကျော်က “ကျနော်တို့ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေရပ်တန့်နေတာတွေ၊ အခုဟာ တွေ့ဆုံဆွေးနွေးမှုတွေ ရပ်တန့်နေပြီးတော့မှ ကျနော်တို့ဆီမှာ ပြင်းထန်တဲ့ ထိုးစစ်တွေကိစ္စ၊ အဲဒါတွေကို ကျနော်တို့ တိုင်းရင်းသားတွေ အနေနဲ့ ဘယ်လိုဖြေရှင်းသင့်သလဲ။ ဘယ်လိုဆောင်ရွက်သင့်သလဲ ဆိုတာကို ဆွေးနွေးဖို့ ပြင်ဆင်ထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခံထားရသည့် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလား အဖွဲ့ (NDAA) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးကြည်မြင့် က “ကျနော်တို့ကတော့ တက်မှာပါ။ မနေ့ကလည်း ကြိုတင်စာတခု လာသေးတယ်။ NCA ကိစ္စ ဆွေးနွေးမယ်တဲ့” ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရနှင့် NCA မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များကိုလည်း ဖိတ်ကြားဖွယ်ရှိကြောင်း သိရသည်။
သို့သော် UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်က ၎င်းတို့အား ဖိတ်ကြားခြင်းမရှိသေးကြောင်း ဧရာဝတီသို့ ပြောသည်။
UWSA သည် မြန်မာနိုင်ငံတွင် အင်အားအကြီး ဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသည်မှာ ၂၈ နှစ် ရှိပြီ ဖြစ်သည်။ အစိုးရက NCA လက်မှတ်ရေးထိုးရန် တိုက်တွန်းနေသော်လည်း UWSA က ယခင် ချုပ်ဆိုထားသော အပစ်ရပ်ရေးစာချုပ်မှာ ပျက်ပြယ်ခြင်းမရှိသေးသဖြင့် အသစ်ချုပ်ဆိုရန် မလိုဟု အကြောင်းပြချက်ပေးထားသည်။