သတင်း

ဧရာဝတီ မြစ်အတွင်း ကျောက်စရစ်ထုတ်ယူမှု ဒေသခံများကန့်ကွက်

Want create site? Find Free WordPress Themes and plugins.

ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဖိုးဦးတောင်ရွာသစ်ကျေးရွာအနီး ဧရာဝတီ မြစ်အတွင်း ကျောက်စရစ်များ လာရောက် စုပ်ယူနေသည့်အပေါ် ဒေသခံများမှာ ဖယ်ရှားပေးရန် တိုင်ကြားထားကြောင်းသိရသည်။

ဧရာဝတီ မြစ်ကမ်းရှိရေလုပ်သားအများစုနေထိုင်သည့် ဖိုးဦးတောင်ရွာသစ်ကျေးရွာအနီး ကျောက်စရစ်စုပ်စက်လှေများ လာရောက်ကျောက် မစုပ်ရန် ၂၀၁၁ ခုနှစ်မှစတင်၍ နှစ်စဉ် သက်ဆိုင်ရာကို တိုင်ကြားစာများပေးပို့ခဲ့သော်လည်း အရေးယူဆောင်ရွက်ခြင်း မရှိသည့်အတွက် ဒေသခံများစုပေါင်း၍ ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များကိုသာ လိပ်မှုတိုင်ကြားခဲ့ရကြောင်း အဆိုပါကျေးရွာမှ ဒေါ်အေးလေးက ပြောသည်။

“၂၀၁၁ ခုနှစ်ကတည်းက ကျမတို့တိုင်တယ်။ ထွေအုပ်ရုံးသွားတဲ့အခါ၊ ရေမြစ်ဖြိုး(ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဋ္ဌာန) ကိုလွှဲချတယ်။ ရေမြစ်ဖြိုးသွားတော့ ငါးလုပ်ငန်းကိုလွှဲချတယ်။ ကျမတို့တိုင်ရင် ခဏတော့ ရပ်သွား ပြီးရင် ပြန်လာစုပ်တယ်။ အခုအစိုးရဋ္ဌာနဆိုင်ရာတွေကို မတိုင်တော့ဘူး။ ပန်းတောင်း NLD နဲ့ လွှတ်တော် ကိုယ်စားလှယ် တွေကို မနေ့ကတိုင်ထားတယ်။ ကျမတို့ဘက်က တရားဥပဒေအရတိုင်ကြားတယ် ဥပဒေနဲ့အညီလုပ် မပေးရင် နောက်ပိုင်း ပြဿနာတွေပိုကြီးလာနိုင်တယ်။” ဟု သူကဆိုသည်။

ယခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ ဖိုးဦးတောင်ရွာသစ်အနီး ကျောက်စရစ်စုပ်စက်လှေ အစီး ၂၀ ကျော် နေ့စဉ် လာရောက် စုပ်ယူနေသည့်အတွက် ရေလုပ်သားများ၏ ငါးဖမ်းပိုက်များပျက်ဆီး၍ ငါးဖမ်းလုပ်ငန်းများ ထိခိုက်နစ်နာ ကြောင်းနှင့် အစိုးရအနေနှင့် သတ်မှတ်ထားသည့်နေရာများတွင် စုပ်ယူမှုမရှိသည့် လုပ်ငန်းရှင်များအပေါ် အရေးယူ ဆောင်ရွက်မှု အားနည်းနေကြောင်း ဖိုးဦးတောင်ရွာသစ်မှ ရေလုပ်သား ကိုမင်းသူရိန် က ပြောသည်။

“ကျနော်တို့သွားတားရင် နောက်ဆုပ်ပေးတယ်၊ ရွာပြန်ရောက်တာနဲ့ ပြန်ထပ်စုပ်တယ်။ ကျနော်တို့က ရေလုပ်ငန်းကို အမှီပြုပြီး လုပ်ကိုင်စားသောက်ရတာပါ။ သူတို့လာစုပ်နေရင် ကျနော်တို့ရေထဲမှာလုပ်ရတာ ဘယ်လိုမှအဆင်မပြေ တော့ပါဘူး။ အရင် ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ လာညှိတယ်။ ကျေးရွာအတွက် လိုအပ်တာတွေ ကူညီပေးပါမယ် ဆိုပြီး ကျနော်တို့ တရွာလုံးက လက်မခံပါဘူး” ဟု ကိုမင်းသူရိန်က ဆက်ပြောသည်။

ပြည်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက ဖိုးဦးတောင်ရွာသစ်အနီး ဧရာဝတီမြစ်ကြောင်းတွင် ကျောက်စရစ်စုပ်ယူရန် တရားဝင်နေရာချပေးထားကြောင်း၊ ရေလုပ်သားများမှ လက်မခံသည့်အတွက် လုပ်ငန်းရှင်မှ ကျောက်မစုပ်ပဲ ညှိနှိုင်းနေပြီး တာဝန်ရှိသူများ သွားရောက်စစ်ဆေးခိုင်းရာ ကျောက်စရစ်စုပ်စက်လှေများ မတေ့ွရှိရကြောင်းနှင့် နှစ်ဦးနှစ်ဘက် လုပ်ငန်း များအဆင်ပြေစေရန် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများအား တာဝန်ပေးထားကြောင်း ပြောသည်။

“အဲဒီနေရာမှာ ကျောက်စုပ်ဖို့လိုင်စင်ရထားတဲ့ ကွင်းတကွင်းရှိတယ် ငါးဖမ်းသမားတွေနဲ့ ညှိနေလို့ အခုလောလောဆယ်မှာ အဲဒီကွင်းတွေကမစုပ်သေးပါဘူးတဲ့ ကျနော်ကို ပြောတယ်။ မနေ့က ၁၅ စီးလောက်စုပ်နေတဲ့ နေရာဟာ တရားဝင်ပေး ထားတဲ့ နေရာဟုတ်မဟုတ်ဆိုတာကို ပြန်စီစစ်ခိုင်း ထားတယ်။ မနေ့ကချက်ခြင်းပဲ မြို့နယ်အုပ်ချုပ်ရေးမှူး ၂ ယောက်ကို စစ်ဆေးခိုင်းထားပါတယ်။ ဒီဘက်ကလည်း ငါးဖမ်းသမားလည်း လုပ်လို့ရအောင် ကျောက်စရစ်သမားလည်း နိုင်ငံတော် အခွန်ဆောင်ထားပြီးသားဖြစ်နေတော့ နှစ်ဦးနှစ်ဘက် ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ပေးသွားဖို့ မြို့နယ်အုပ်ချုပ်ရေးမှူး တွေကို တာဝန်ပေးထားပါတယ်” ဟု ဦးတင်မောင်ဝင်းက ဆက်ပြောသည်။

၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်တွင် ပြည်ခရိုင်အပိုင် ဧရာဝတီမြစ်အတွင်း ကျောက်စရစ်စုပ် လုပ်ငန်းလိုင်စင် ၄၇ လျှောက် ထားခဲ့ရာ ၁၇ ခုကိုသာ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ပန်းတောင်းမြို့နယ်တွင် ၈ ခု၊ ရွှေတောင်မြို့နယ်တွင် ၇ ခုနှင့် ပြည်မြို့ နယ်တွင် ၂ ခု လုပ်ကိုင်ခွင့်ပေးထားပြီး၊ လုပ်ငန်းခွင့်တခုလျှင် ကျောက်စရစ်ကျင်း ၂၀၀၀ သာထုတ်လုပ်ခွင့်ပြုထားပြီး လုပ်ငန်းရှင်များမှ အစိုးရအား ကျောက် ၁ ကျင်းလျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် အခွန်ဆောင်ရကြောင်းသိရသည်။

ဒေသခံများကမူ ကျောက်စရစ်လုပ်ငန်းများရှင်များသည် သက်ဆိုင်ရာမှ သတ်မှတ်ထားသည့် ကျင်းရေ(ပမာဏ)ထက် ပိုမိုစုပ်ယူခြင်း၊ သတ် မှတ်ချထားပေးသည့် နေရာများသာမကပဲ လုပ်ကိုင်ခွင့်မရှိသည့် နေရာများတွင် တရားမဝင်စုပ် ယူခြင်းများရှိနေပြီး တိုင်ကြားပါကလည်း အရေးယူဆောင်ရွက်မှုမရှိကြောင်းဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာအတွင်းကလည်း ဧရာဝတီ မြစ်အတွင်း ကျောက်စုပ်ယူမှုနဲ့ ပတ်သက်ပြီး ပန်းတောင်းမြို့နယ် အတွင်း ဒေသခံများ ကန့်ကွက်မှုကြောင့် ဖေါင်းကန် ကျေးရွာအနီးနှင့် သောင်ကြီးကျေးရွာအနီးရှိ ကျောက်စရစ်စုပ် လုပ်ကွက် ၂ ခုအား ရပ်ဆိုင်းခဲ့ရပြီး ဖိုးဦးတောင် ရွာသစ်မှာ တတိယအကြိမ်မြောက် ကန့်ကွက်ခံရခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading