လာမည့် မတ်လ ၁၇ရက်နေ့မှာ ကျရောက်မည့် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန၏ နှစ် ၇၀ပြည့် အထိမ်းမှတ်အဖြစ် ဗိုလ်ချုုပ် အောင်ဆန်းပုံဖြင့် အထူးထုတ် တံဆိပ်ခေါင်းများကို မတ်လအတွင်း ထုတ်ဝေမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ တရားဝင် ကြေညာခဲ့သည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက “ဝန်ကြီးဌာနမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ တံဆိပ်ခေါင်း ကိုထုတ်တာ ဒါပထမဆုံးပါပဲ။ ဗိုလ်ချုပ်ကိုဂုဏ်ပြုရတာလည်းဖြစ်ပါတယ်”ဟု ပြောသည်။
သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး စုစုပေါင်းတံဆိပ်ခေါင်း ၃၀၀၀၀၀ ထုတ်မည်ဟုသိရသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးနိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး၊ ၁၉၄၇ခုနှစ် မတ်လမှ လုပ်ကြံခံခဲ့ရသည့် ဇူလိုင်လအထိ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနကို တွဲဖက်ကိုင်တွယ် ခဲ့သည်။
ယခုအခါ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနသည် သံတမန်ဆက်ဆံရေးထူထောင်မှု နှစ်ပတ်လည်များ၊ ထိပ်သီးစည်းဝေးပွဲများနှင့် အာဆီယံနှစ်ပတ်လည်အစည်းအဝေးများနှင့် ပတ်သက်၍ အထိမ်းအမှတ် တံဆိပ်ခေါင်းများ ထုတ်ဝေကြသော်လည်း ဝန်ကြီးဌာနအနေ ဖြင့် ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် တံဆိပ်ခေါင်းထုတ်သည်မှာမူ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်အရသိရသည်။
မြန်မာနိုင်ငံတံဆိပ်ခေါင်း စုဆောင်းသူများအသင်းအတွင်းရေးမှူး ဦးကိုကိုက မြန်မာတံဆိပ်ခေါင်းများ၌ ဗိုလ်ချုပ်အောင်ဆန်း ပုံအသုံးပြုသည်မှာယခုအကြိမ်သည် စတုတ္ထအကြိမ်ဖြစ်သည်ဟုပြောသည်။
“သူက နိုင်ငံခေါင်းဆောင်ကြီးပဲ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗိုလ်ချုပ်ပုံနဲ့ တံဆိပ်ခေါင်းထုတ်တာ ကျနော်ဝမ်းသာတယ်” ဟု ဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်း ပုံဖြင့် တံဆိပ်ခေါင်းများကို ၁၉၄၈ ခုနှစ်က သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဌာနက လွတ်လပ်ရေးနေ့အတွက် တကြိမ်၊ ၁၉၇၀ ခုနှစ်တွင် တကြိမ်၊ ၁၉၇၂ ခုနှစ် ပြည်ထောင်စုနေ့တွင် တကြိမ် ထုတ်ဝေခဲ့ကြောင်း သူက ရှင်းပြသည်။
ထုတ်ဝေမည့် တံဆိပ်ခေါင်း၏ တန်ဘိုးမှာ ကျပ် ၅၀၀ဖြစ်ပြီး မြန်မာတနိုင်ငံလုံးရှိ စာတိုက်များတွင် မတ်လ ၁၇ရက်နေ့မှ စတင်ကာဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ပုံများနှင့် ပတ်သက်ပြီး မြန်မာဆိုရှယ်လစ်လမ်းစဉ်အစိုးရ လက်ထက်မှ စတင်ကာ အသုံးပြုမှု နည်းပါးလာရာမှ ၁၉၈၈ ခုနှစ်နောက်ပိုင်း အာဏသိမ်းစစ်အစိုးရလက်ထက် တွင်မူ အသုံးပြခြင်းမရှိခဲ့ပေ။