နိုင်ငံ့ဝန်ထမ်းများ ပင်စင်ယူသွားချိန်တွင် ဘဝလုံခြုံစိတ်ချစွာ နေထိုင်နိုင်မည့် အာမခံချက် ရှိနိုင်ရန် ဝန်ထမ်းအိမ်ရာ စီမံကိန်း တခုကို အစိုးရက စတင်ဆောင်ရွက်နေကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့ UMFCCI ရုံးချုပ်တွင် ပြုလုပ်ကျင်းပသည့် ဒုတိယသမ္မတ ၁ နှင့် စီးပွားရေး လုပ်ငန်းရှင်များ တတိယ အကြိမ် တွေ့ဆုံပွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။
“နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်ပြီးတဲ့နောက်ပိုင်းမှာ ကျောခင်းစရာ တနေရာတောင်မှ မရသူတွေ အများကြီးပါ။ ပင်စင်ယူပြီးနောက်မှာ သူတို့ဘဝကို လုံခြုံစိတ်ချစွာ နေနိုင်ဖု့ိ ဝန်ထမ်းတွေ အတွက် အိမ်ရာတခု စီမံနေတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။
အဆိုပါ အိမ်ရာစီမံကိန်းနှင့် ပတ်သက်ပြီး ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ချေးငွေ ထုတ်ချေးပေးမည် ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းနှင့်လည်း အိမ်ရာများ ဖော်ထုတ်ပေးရန် ဆွေးနွေးထားကြောင်း သိရသည်။
“တန်ဖိုးနည်းအိမ်ရာတွေ ဖြစ်မယ်။ အဆင့်အတန်းမြင့်မြင့်နဲ့ ဆောက်လုပ်သွားမှာ ဖြစ်တယ်။ လုပ်ငန်းပမာဏက ကြီးမားပါတယ် ။ ဒါပေမယ့် ဖြစ်အောင်လုပ်မယ်။ ပင်စင်ယူချိန်မှာ တက်ပြီး နေနိုင်အောင် လုပ်မယ်။ လစာထဲက သင့်တော်တဲ့ နှုန်းထားနဲ့ သူတို့ သက်တမ်းတလျှောက် အပြီးအပိုင် ဖြစ်လာဖို့ စဉ်းစားသွားမယ်”ဟု ဝန်ကြီး ဦးကျော်ဝင်းက ဆက်လက်ရှင်းပြသည်။
ဝန်ထမ်းအိမ်ရာ ဖော်ဆောင်ခြင်းနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနက National Housing Board ပြန်လည် ဖော်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း၊ ရန်ကုန် တိုင်းဒေသကြီး အတွင်း ကျုးကျော် ပြဿနာနှင့် ဝန်ထမ်းနေထိုင်မှုအတွက်ပါ ကြိုးစားနေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါပွဲတွင် ပြောကြားထားသည်။
ဦးဖြိုးမင်းသိန်းက “မြေကိုလည်း စီမံခန့်ခွဲမှု တခု လုပ်နေပါတယ်။ မြေရဲ့တန်ဖိုးတွေကိုလည်း တဖြည်းဖြည်း ကျသွားနိုင်ဖို့ အတွက်လည်း ကြိုးစားဆောင်ရွက်နေတယ်။ မြေအပေါ်မှာ မျှော်လင့်ချက်ဖြစ်မှာ စိုးရိမ်ပါတယ်။ ဒါကြောင့်လည်း မြေတန်ဖိုးကို တဖြည်းဖြည်း ရန်ကုန်မှာ ထိန်းနိုင်အောင် ကြိုးစားမယ်”ဟု ပြောဆိုခဲ့သည်။
လက်ရှိတွင် ဝင်ငွေနည်း လူတန်းစားများ အိမ်ရာပိုင်ဆိုင်နိုင်ရန် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက ဆောက်လုပ်ထားသော တန်ဖိုးနည်းအိမ်ရာများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ( CHDB Bank )နှင့် ချိတ်ဆက်ပြီး ချေးငွေရယူကာ အိမ်ရာ ၂၂၀၈ လုံး ရောင်းချပေးနေပြီး အဆိုပါအိမ်ရာများ၏ ၇၀ ရာခိုင်နှုန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက ရယူထားကြောင်း သိရသည်။