ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ပတ်စ်ပို့လျှောက်ထားရာတွင် ကျသင့်ငွေထက် ငွေကြေး ပိုမို တောင်းခံမှုများ ရှိနေကြောင်း သိရသည်။
ဝန်ဆောင်မှုပေး၍ ဆောင်ရွက်နေသူများက ပတ်စ်ပို့ လျှောက်ထားရာ၌ ဓာတ်ပုံရိုက်ရန်အတွက် ထိုင်းဘတ်ငွေ ၂၅၀ (မြန်မာငွေ ၁၀၀၀၀ ကျပ်ခန့်)၊ ပတ်စပို့ အိတ်အတွက် ၁၂၀ ဘတ်၊ ဖောင်စာရွက်အတွက် ဘတ် ၅၀ စသည်ဖြင့် ကောက်ခံနေပြီး မယူမနေရ စနစ် ဖြင့် လုပ်ဆောင်နေကြောင်း ထိုင်းရောက် မြန်မာများ က ဧရာဝတီ ကို ပြောသည်။
အလုပ်သမား ဝန်ကြီးဌာနမှ အမြဲတန်း အတွင်းဝန် ဦးမျိုးအောင် က “ထိုင်းရောက်အလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ အသံတွေ ထွက်နေတာကို ကျနော်တို့လည်း ကြားပါတယ်၊ ဓာတ်ပုံရိုက်ခ ၂၅၀ တောင်းတာ၊ ပတ်စ်ပို့အိတ် ၁၂၀ နဲ့ရောင်း တာမျိုးတွေပေါ့၊ ကျနော်တို့ မေးကြည့်တော့ မယူမနေရ လုပ်တာတော့မဟုတ်ဘူး၊ သဘောတူတဲ့သူမှ ဝယ်ယူခွင့်ပြုတာလို့ ပြောပါတယ်” ဟု ဧရာဝတီ ကို ပြောသည်။
၎င်းက “အလုပ်သမား သံအရာရှိကိုလည်း မေးပြီးပြီ၊ ဝန်ဆောင်မှုအတွက် တာဝန်ယူ ထားတဲ့ ကုမ္ပဏီကိုလည်း ပြောထား တယ်၊ ပိုမတောင်းဖို့ ပြောထားတယ်၊ တကယ်လို့ ပိုတောင်းတာတွေရှိရင်လည်း အထောက်အထားနဲ့ တကွတိုင်ကြားပါ၊ တာဝန်ရှိသူတွေက အရေးယူမှာပါ” ဟု ဆိုသည်။
မယူမနေရ အဓမ္မ တောင်းခံနေခြင်း၊ သက်ဆိုင်ရာမှ သတ်မှတ်ထားသည့် နှုန်းထားများထက် ပိုမိုတောင်းခံနေပါက သက်ဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိသူများထံ အထောက်အထားနှင့်တကွ တိုင်ကြားနိုင်ကြောင်း၊ ထိုင်းရောက် အလုပ် သမားများ အတွက် ပတ်စ်ပို့ ဝန်ဆောင်ခအတွက် အထွေထွေ ကုန်ကျမည့် ဝန်ဆောင်ခကိုလည်း သံရုံးတွင် တရားဝင် ကြေညာ ပေးထားကြောင်း သိရသည်။
ငွေပိုတောင်းခံနေမှုများအား ကူညီဖြေရှင်းရန် အလုပ်သမားများက အကူအညီတောင်းခံမှု အများအပြားရှိနေကြောင်း၊ အလုပ်သမားများ၏ အခက်အခဲများအား ဘန်ကောက်ရှိ မြန်မာသံရုံး တာဝန်ရှိသူများထံ ပြီးခဲ့သည့် သီတင်းပတ်အတွင်း တင်ပြ တောင်းဆိုခဲ့သော်လည်း တစုံတရာ ထူးခြားမှု မရှိသေးကြောင်း မြန်မာအလုပ်သမား ကူညီ စောင့်ရှောက်ရေး ကော်မတီ မဟာမိတ်အဖွဲ့ (AAC ) မှ ဦးရဲမင်း က ဧရာဝတီ ကို ပြောသည်။
ဦးရဲမင်းက “ငွေပိုတောင်းခံနေတာတွေကို လျော့ချပေးဖို့ သံရုံးတာဝန်ရှိသူတွေကို တင်ပြတောင်းဆိုခဲ့ပါတယ်၊ ဒါပေမယ့် ဒီ နေ့အထိ အရင်အတိုင်းပဲလို့ သိရပါတယ်၊ အဲဒါတွေကို နိုင်ငံတော် တာဝန်ရှိ ပုဂ္ဂိိုလ် တွေကလည်း သိစေချင်တယ်” ဟု ဆို သည်။
ပတ်စပို့လျှောက်ထားရာတွင် ပွဲစားများအား လုပ်ဆောင်ခွင့် ပေးထားမှုမရှိကြောင်း၊ လက်ရှိ ဝန်ဆောင်မှု ပေးနေသည့် အေ ဂျင်စီတချို့သည် အလုပ်သမားများ စာအုပ်လျှောက်ထားရာတွင် မြန်ဆန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် သံရုံးမှ တရား ဝင် တာဝန်ပေးထားသည့် အဖွဲ့ဖြစ်ကြောင်း အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် က ပြောသည်။
ပတ်စ်ပို့လျှောက်ထားရာတွင် တန်းစီစနစ်ဖြင့် ဆောင်ရွက်ပေးနေသော်လည်း သံရုံးနှင့်နီးစပ်သူများကို ဦးစားပေး လုပ်ဆောင်ပေးမှုများ ရှိနေပြီး၊ ငွေပိုတောင်းခံနေမှုအား လျော့ချပေးရေးရန်အတွက် ရာချီသည့် အလုပ်သမား များက မြန်မာသံရုံးရှေ့တွင် ပြီးခဲ့သည့် ရက်ပိုင်းက တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
ဘန်ကောက်ရှိ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ပြောရာတွင် ပတ်စ်ပို့ လုပ်ငန်းစဉ်များအား နိုင်ငံ ကူး လက်မှတ် ထုတ်ပေးရေးဌာနက တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ သံရုံးဝင်းထဲတွင်လည်း ပွဲစားများအား လုပ်ကိုင်ခွင့် ပြုထားခြင်း မရှိကြောင်း၊ တရားမဝင် ဝန်ဆောင်မှုပေးနေသည့် ပတ်စ်ပို့ ပွဲစားများ ရှိပါက အရေးယူသွားမည် ဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။
ဘန်ကောက်ရှိ မြန်မာသံရုံး၌ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဌာနတွင် တရက်လျှင် လျှောက်ထားသူ ဦးရေ နေ့စဉ် ၅၀၀ နှင့် အထက် ရှိပြီး တရက်လျှင် လူ ၆၀၀ သတ်မှတ်ကာ လက်ခံ ဆောင်ရွက်ပေးနေကြောင်း သိရသည်။