Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို ရန်ကုန်တိုင်း လသာမြို့နယ်တရားရုံး က လိမ်လည်မှု ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၅ နှစ် တပေါင်းတည်း ကျခံစေရန် ယနေ့ မွန်းလွဲပိုင်းက အမိန့်ချမှတ်လိုက်သည်။
ဦးကျော်မြင့်ကို ပန်းဆိုးတန်း အလယ်ဘလောက်ရှိ MEI Business Tower ဆောက်လုပ်ရာ၌ မြေရှင်နှင့် သဘော တူညီ ထားသည့် ပုံစံများ ကွဲလွဲခြင်း၊ လက်မှတ်အတုများ ရေးထိုးခြင်း၊ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက် ပေး နိုင်မှု မရှိခြင်းတို့ကြောင့် မြေရှင် ဦးစိုးမင်းထက်က ပုဒ်မ-၄၂၀ ၊ ပုဒ်မ-၄၆၈ တို့ဖြင့် တရားစွဲ ဆိုခဲ့ခြင်း ဖြစ်သည်။
ထိုသို့ စွဲဆိုချက်အရ အလုပ်နှင့် ထောင်ဒဏ် တပေါင်းတည်း ကျခံစေရန် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဦးကျော်မြင့်၏ ရှေ့နေက “တပေါင်းတည်း ကျခံစေ ဆိုတော့ ၅ နှစ်ပဲပေါ့။ ချုပ်ရက်လည်း ခံစားခွင့်ပြု ထားပါတယ်”ဟု ရှင်းပြသည်။
ဦးကျော်မြင့်ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် အမှုဖွင့်ခဲ့ပြီး ဒီဇင်ဘာလတွင် ကျန်းမာရေးအာမခံ ရရှိခဲ့သော်လည်း တရားရုံးက အာမခံကို ပြန်လည်ပယ်ဖျက်ကာ ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် ဇန်နဝါရီလ အတွင်းမှသာ လာရောက် ဖမ်းဆီးခံခဲ့သည်ဟု ဆိုသည်။
လသာမြို့နယ် တရားသူကြီးက အမိန့်ချမှတ်ရာတွင် ချုပ်ရက်ခံစားခွင့် ပြုထားသည့် အတွက် ၂ နှစ်ခန့် ချုပ်ရက်ရှိသည့် ၎င်းအနေဖြင့် ၃ နှစ်ခန့်သာ ပြစ်ဒဏ်ကျခံရမည် ဖြစ်ကြောင်း သိရသည်။
ဦးကျော်မြင့်သည် ၂၀၁၂ ခုနှစ်အတွင်းကလည်း ဆုထူးပန် ရုပ်ရှင်ရုံဟောင်း မြေနေရာတွင် အဆင့်မြင့် အဆောက် အအုံ တခု ဆောက်လုပ်မည့် ကိစ္စနှင့်ပတ်သက်၍ အကယ်ဒမီ ဒေါ်ဝါဝါဝင်းရွှေမှ ငွေကျပ်သိန်း ကိုးထောင် ကြိုတင် ပေး ခဲ့ သော်လည်း လုပ်ငန်း စတင်ခြင်း မရှိခဲ့သဖြင့် ပြဿနာ ဖြစ်ပွားခဲ့ရာ သီတဂူ ဆရာတော်ကြီး၏ မေတ္တာရပ်ခံမှုကြောင့် ၂၀၁၂ ခုနှစ် ဧပြီ ၂၃ ရက်တွင် နှစ်ဖက်အပြန်အလှန် ကြေအေးကာ စာချုပ်များဖျက်သိမ်းမှု ဖြစ်ပွားခဲ့ဖူးသည်။
ဗဟန်း၊ ဗိုလ်တထောင် စသည့် မြို့နယ် တရားရုံးများတွင်လည်း ဦးကျော်မြင့်ကို တရားစွဲဆိုထားမှုများ ရှိနေ၍ ဆက်လက် ရင်ဆိုင်ရဦးမည် ဖြစ်သည်။
Father Land ကုမ္ပဏီ၏ ငွေကြေး ရှုပ်ထွေးမှုများတွင် တိုက်ခန်းများ ကြိုပွိုင့်ရောင်းဝယ်ခြင်း၊ တန်ဖိုးနည်း အိမ်ရာ ကြိုပွိုင့်ဖြင့် ရောင်းချခဲ့ခြင်း၊ တိုက်ခန်းများကို တဦးထက်ပို၍ ရောင်းချခဲ့ခြင်း၊ အစုရှယ်ယာများ ဖိတ်ခေါ်ကာ ရှင်းလင်းမှု မရှိခြင်း စသည်တို့လည်း ပါဝင်ကြောင်း သိရသည်။