သတင်း

ဖုန်စုပ်ယာဉ် တင်သွင်းသည့် ကုမ္ပဏီကို အမှုဖွင့်ခံရသူက ပြန်လည် တရားစွဲမည်ဟုဆို

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံ အမှိုက်ကား တင်သွင်းခွင့်ရရှိသည့် အောင်ကမ္ဘာ ကုမ္ပဏီကို ပြန်လည် တရားစွဲဆိုမည် ဖြစ်ကြောင်း အမှုဖွင့်ခံထားရသည့် ကိုဘုန်းကျော် (သြစတြေးလျ) က ပြောသည်။
“တရားပြန်စွဲမယ်။ ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်မှုနဲ့။ သြစတြေးလျ အစိုးရအနေနဲ့ဒီကိစ္စကို ကြားဝင် ဖြေရှင်း ပေးဖို့ လည်း တောင်းဆိုထားတယ်။ Third Party Inspector တွေနဲ့စစ်ဖို့လည်း ပြောထားတယ်။ အခုဟာက သူတို့ နှစ်ဖက် ပေါင်းလိမ်နေတာ” ဟု ၎င်းက ဧရာဝတီကို ပြောသည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရသည့် Phone Kyaw ဖေ့စ်ဘုတ် အကောင့်ပိုင်ရှင် ကိုဘုန်းကျော် သည် လက်ရှိတွင် သြစတြေးလျနိုင်ငံ၌ နေထိုင်လျက်ရှိပြီး ရန်ကုန်ရှိ သြစတြေးလျ သံရုံးနှင့် သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးထံသို့ စာပို့ထားကြောင်း သိရသည်။

ကိုဘုန်းကျော် က “ဂျာမနီက ပို့လိုက်တဲ့စာရင်း အတိအကျရှိတယ်။ Quote လို့ခေါ်တယ်။ ဈေးနှုန်း အတိအကျ ရှိတယ်။ ဒါပေမယ့် ဘာကြောင့် အောင်ကမ္ဘာက ဘောက်ချာ အစစ်အမှန်နဲ့စာရင်း အတိအကျကို ပြည်သူကို မချပြ တာလဲ မသိ ဘူး။ သူတို့ သေချာရင်၊ မှန်ရင် ပြည်သူကို ဘောက်ချာပြပေါ့။ ကျနော်မှားရင် ချက်ချင်း တောင်းပန်လိုက် မယ်။ ပွင့်လင်းမှု ရှိရမှာပေါ့” ဟု ကိုဘုန်းကျော်က ပြောသည်။

အမှိုက်ကား တင်သွင်းခွင့် တင်ဒါအောင်ခဲ့သည့် အောင်ကမ္ဘာ ကုမ္ပဏီသည် ၂၀၁၇ ဇန်နဝါရီလ အတွင်းက ဂျာမနီနိုင်ငံ HAKO Group က တင်သွင်းသော ဖုန်စုပ်ယာဉ် အမျိုးအစား City Master 1250 (Hako) ၄ စီးကို တစီးလျှင် ကျပ် သိန်း တထောင် ကျော် နှုန်းဖြင့် တင်သွင်း ခဲ့ကြောင်း သိရသည်။

ယင်း ဖုန်စုပ်စက်ယာဉ်များ၏ တန်ဖိုးမှာ မူရင်း တန်ဖိုးနှင့် ကွာဟနေကြောင်း အွန်လိုင်းစာမျက်နှာတွင် Phone Kyaw (Thant Zin Htay)အကောင့် ပိုင်ရှင်က ရေးသား တင်ပြခဲ့သည်ဟုဆိုကာ ဖေဖော်ဝါရီ ၁၃ ရက်က လှိုင်သာယာ မြို့မ ရဲစခန်း တွင် ပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူပေးရန် အောင်ကမ္ဘာ ကုမ္ပဏီက တိုင်ကြားခဲ့သည်ဟု ရဲစခန်း တာဝန်ကျ အရာရှိ တဦးက ပြောသည်။

လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည့် သတင်းကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(YCDC)က ကုမ္ပဏီအား စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကုမ္ပဏီဘက်က အမှားအယွင်း မရှိသည့်အတွက် အရေးယူရန် မရှိကြောင်း YCDC အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး က ဧရာဝတီကို ပြောသည်။

ဒေါ်လှိုင်မော်ဦးက “ကုမ္ပဏီဘက်က အမှားအယွင်း မရှိတဲ့အတွက် ဘာမှဆက်ပြီး အရေးယူဖို့ မရှိပါဘူး”ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက “ကျမတို့ဘက်က တင်ဒါကို ပွင့်လင်းမြင်သာစွာ ခေါ်တယ်။ ကျမတို့ရဲ့တင်ဒါ စည်းမျဉ်းနဲ့အညီ စိစစ် တယ်။ ကျမတို့အကုန်လုံး စိစစ်ပြီးပြီ။ ဒီဟာသည် မှန်ကန်တယ်။ သူပြောသလို Second Hand မဟုတ်တာလည်း အမှန်ပဲ။ အကုန်လုံး စိစစ်ပြီးပါပြီ။ ကျမတို့ဘက်က ဘာမှလုပ်စရာမရှိဘူး။ ကျမတို့ဘက်က စိစစ်ပြီး မှန်တဲ့အတွက် ဘာမှမရှိဘူး။ ကျန်တာတော့ သူတို့ကာယကံရှင် အချင်းချင်းဖြစ်ကြရင်တော့ ကျမတို့နဲ့ မပတ်သက်တော့ ပါဘူး”ဟုလည်း ပြောဆိုသည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ အောင်ကမ္ဘာ ကုမ္ပဏီကို မေးမြန်းရန် ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မေးမြန်း၍ မရခဲ့ပါ။

ရန်ကုန်မြို့တွင် အချိန်တိုအတွင်း သန့်ရှင်းရေး ပြုလုပ်နိုင်သည့် အဆင့်မြင့် အမှိုက်သိမ်းယာဉ် ၁၁၄ စီးကို မှာယူထားရာ ပထမ အသုတ် ရောက်လာသည့် ၄၂ စီးကို ဇန်နဝါရီ ၂၇ ရက်က မိတ်ဆက်ခဲ့ပြီး မိတ်ဆက်ရာတွင် ယာဉ်အမျိုးအစား၊ ဈေးနှုန်း စသည့် အချက်အလက်များကို ဖော်ပြခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ လမ်းသန့်ရှင်းရေး ကားများအား ဂျာမနီနိုင်ငံမှ ဝယ်ယူခြင်းဖြစ်ပြီး တစီး လျှင် ကျပ် သိန်း ၁၀၀၀ ကျော် ဖြစ်ကြောင်း၊ အမှိုက်သိမ်းယာဉ် အစီး ၃၀ ကို ကိုရီးယားနိုင်ငံမှ ဝယ်ယူခြင်းဖြစ်ပြီး တစီး လျှင် ကျပ် ၅၆၅ သိန်းနှင့် ဂျပန်နိုင်ငံတင်သွင်းသည့် ဘတ်ဟိုးရှစ်စီးသည် တစီးလျှင် ကျပ် ၄၈၉ သိန်းဖြစ်ကြောင်း သိရ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading