ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် အတွင်း ကရင် နယ်ခြားစောင့် တပ် (BGF) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) ခွဲထွက် အဖွဲ့ တို့ကြား စစ်ရေး တင်းမာမှုများ ရှိနေသည်ဟု DKBA မှ ဗိုလ်မှူးကြီး စောဆန်းအောင်က ဧရာဝတီကို ပြောသည်။
ဗိုလ်မှူးကြီး စောဆန်းအောင်က “အခုရက်မှာ တိုက်ပွဲမဖြစ်ပေမယ့် စစ်ရေးတင်းမာမှုက ရှိနေတယ်။ အချင်းချင်း သွေးထွက် သံယိုဖြစ်တဲ့ အပေါ်မှာ တင်းမာမှုကတော့ ရှိနေတယ်။ ရန်သူဘက်က လှုပ်ရှားမှု ဆက်ရှိလာရင်တော့ တိုက်ပွဲတွေ ဆက်ဖို့ များတယ်”ဟု ပြောဆိုသည်။
BGF နှင့် DKBA တို့သည် ဖေဖော်ဝါရီလ ၁၇ ရက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး DKBA ဘက်မှ တပ်ဖွဲ့ဝင် ၆ ဦးနှင့် ဒေသခံ ကိုရင်လေး တပါးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
ဗိုလ်မှူးကြီး စောဆန်းအောင်က“ပေါ့တော့လေး အနားမှာ တဖက်က ရန်သူက ပိတ်ဆို့တယ်။ BGF နဲ့ KNU ဘက်ကလည်း ပါတော့ ရက်ပေါင်းများစွာ အပစ်ခံရတော့ ဆုတ်လမ်းက ခက်။ ဘေးအကူလည်း မရှိတော့ ခရီး အရမ်းပန်းနေတော့ သူတို့ ကျသွားတာ။ အဲဒီမှာပဲ ကိုရင်လေးလည်း ထိတာ”ဟု ပြောပြသည်။
ဖေဖော်ဝါရီလ ၁၇ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် BGF အပြင် ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၇) မှ တပ်ဖွဲ့ဝင်များလည်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း၊ ထို ပြောဆိုချက်သည် စွပ်စွဲခြင်း မဟုတ်ဘဲ ကရင် သတင်းဌာန တခုတွင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ က ဖြေဆိုထားကြောင်းလည်း ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ KNU ကို မေးမြန်းရာ KNU အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက “အဲဒီဒေသတွေက ကျနော်တို့ တပ်မဟာ (၇) ဒေသတွေပါ။ တိုက်ပွဲမှာ KNU က ပါလား၊ မပါလားဆိုတာတော့ ကျနော်က ဗဟိုဌာနချုပ်မှာ မရှိ တော့ အတိအကျ မပြောနိုင်ပါဘူး”ဟု ပြောဆိုသည်။
ပဒိုကွယ်ထူးဝင်းက ယခုတိုက်ပွဲများ မတိုင်မီကလည်း DKBA ခွဲထွက် တပ်ဖွဲ့ဝင်များက ၎င်းတို့၏ တပ်မဟာ (၇) နယ်မြေအတွင်း ဝင်ရောက်ပြီး KNU တပ်သားများ သွားလာသည့် နေရာများတွင် မိုင်းထောင်ခြင်းများ ပြုလုပ်လျက် ရှိသည် ဟု ဆက်ပြောသည်။
DKBA နှင့် BGF တို့ တိုက်ပွဲဖြစ်ပွားမှုအပေါ် ဧရာဝတီက BGF တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။
BGF နှင့် DKBA ခွဲထွက်အဖွဲ့သည် ၂၀၁၆ ခုနှစ် စက်တင်ဘာလကလည်း ကော့ကရိတ်မြို့နယ် နှင့် မြိုင်ကြီးငူ ဒေသတို့ တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သဖြင့် ဒေသခံ ၅၀၀၀ ဝန်းကျင် မြိုင်ကြီးငူ ဒေသအတွင်း ယနေ့ထိ စစ်ဘေး ရှောင်နေရဆဲ ဖြစ်သည်။
DKBA ခွဲထွက် အဖွဲ့သည် ဗိုလ်မှူးချုပ် စောကျော်သက် ဦးစီးသည့် တပ်ရင်း တခုလုံးကို ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) က ထုတ်ပယ်ခဲ့ပြီး ပြန်လည် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။
ထို့အတူ ဗိုလ်မှူးချုပ် စောကျော်သက်နှင့် အတူ ပူးပေါင်းခဲ့သည့် ကလို့ထူးဘော စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး စောဆန်းအောင် နှင့် တပ်မဟာ ၂ ခုကိုလည်း ထုတ်ပယ်ထားသည်။
ထို့နောက် DKBA ခွဲထွက်အဖွဲ့သည် တပ်မတော်၊ BGF တို့နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားပြီး DKBA ခွဲထွက် အဖွဲ့ ခေါင်းဆောင်များကို အရှေ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က ဖမ်းဝရမ်းများ ထုတ်ပြန်ထားကြောင်း သိရသည်။