သတင်း

ဒေါ်အောင်ဆန်းစုကြည် နှင့် UNFC တို့ ထိပ်တိုက်ဆွေးနွေးမည်

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အချို့ကို ထိပ်တိုက်ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ NRPC ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC က ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN) တို့တွေ့ဆုံ ဆွေးနွေးရာတွင် လက်ရှိကြုံတွေ့နေရသော အခက်အခဲ အကျပ်အတည်းများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေး လိုကြောင်း UNFC ဘက်က အဆိုပြုထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC တို့  ဖေဖာ်ဝါရီလ ၂၃ ရက်နေ့၌ တွေ့ဆုံရန် သတ်မှတ်ထား သော်လည်း UNFC အဖွဲ့ဝင်အချို့ “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) နယ်မြေ၌ ပြုလုပ်မည့် တိုင်းရင်းသားလက်နက် ကိုင် ထိပ်သီးညီလာခံသို့ ခရီးလွန်နေသောကြောင့် မတ်လဆန်း၌ တွေ့ဆုံရန် ထပ်မံအဆိုပြုခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပင်လုံမြို့တွင် ကျင်းပသော ပြည်ထောင်စုနေ့အခမ်းအနားတွင် အပစ်မရပ် ရသေးသည့် အဖွဲ့များ အနေဖြင့် NCA စာချုပ်ကို သတ္ထိရှိရှိ၊ ယုံကြည်စွာလက်မှတ်ရေးထိုးပြီး မကြာမီကျင်းပတော့မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံသို့တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်ကမေတ္တာရပ်ခံထားသည်။

နိုင်ငံတော်သမ္မတရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က “UNFC ကတော့ မတ်လ ၁ ရက်နေ့တွေ့ဖို့ ပြန်ပြီး အဆိုပြုတယ်။ တွေ့မယ့်ရက် ပြန်ပြောရဦးမယ်။ မတ်လထဲမှာတော့ တွေ့မယ် သို့သော် ရက်ပေါ့နော်” ဟု ဧရာဝတီသို့ ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြုံတွေ့နေကြရသော ပြဿနာများ အပါအဝင် UNFC အဆိုပြုထားသော အချက် ၉ ချက်ကိုလည်း ဆွေးနွေးမည်ဟု UNFC တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဦးထွန်းဇော်ကလည်း ပြောသည်။

ဦးထွန်းဇော် က “အဲဒီအခက်အခဲတွေအပေါ် အခြေခံပြီးမှ ထပ်မံပြီးတော့ ဆွေးနွေးညှိနှိုင်းပြီးတော့ အဖြေရှာသွားဖို့ ရှိမယ်လို့ ကျနော်တို့ဘက်က အဲဒီလိုစဉ်းစားထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

UNFC သည် ယင်း အချက် ၉ ချက်ကို ၂၀၁၅ ခုနှစ် ဇူလိုင်လကတည်းက တင်ပြခဲ့ပြီး အစိုးရနှင့် တရားဝင် ၃ ကြိမ်၊ အလွတ်သဘော တကြိမ် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု တခုမှ မရရှိခဲ့သေးပေ။

UNFC အနေဖြင့် ဒုတိယအကြိမ် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – “၂၁ ရာစု ပင်လုံ”သို့တက် ရောက်ရန် ရှိ၊မရှိဆိုသည်မှာ အစိုးရနှင့် တပ်မတော်တို့အပေါ်မှာသာ မူတည် နေကြောင်း ဆိုသည်။

“NCA လက်မှတ်ရေးထိုးမယ်ဆိုရင် မူဝါဒက အားလုံးပါဝင်ရေးကို အစိုးရက လက်မခံသေးဘူး။ အထူးသဖြင့်ကတော့ မြန်မာ့တပ်မတော်ဘက်က လက်မခံသေးဘူးပေါ့၊ နောက်ပြီး NCA မှာ တပ်ပိုင်းဆိုင်ရာ ကိစ္စ၊ နိုင်ငံရေးပိုင်းဆိုင်ရာ ကိစ္စတွေမှာ ပိုမိုခိုင်မာအားကောင်းစေဖို့အတွက် တင်ပြထားတဲ့ အချက် ၉ ချက် ထဲက အစိတ်အပိုင်းတွေနဲ့ ပတ်သက် လို့ တချက်မှ ကျနော်တို့နဲ့ ပြေလည်မှု သဘောတူညီချက်တွေ မရရှိသေးဘူး။ ဒီအပေါ်မှာ သဘောတူညီချက် ရရှိဖို့ ဆိုရင် တပ်မတော်နဲ့ အစိုးရဘက်က ဖြေလျှော့သင့်တာ ဖြေလျှော့ပေးဖို့လိုလိမ့်မယ်။ အဲဒီအပေါ်မှာပဲ အဓိက မူတည် တယ်” ဟု ဦးထွန်းဇော် က ပြောသည်။

UNFC သည် ၂၁ ရာစုပင်လုံသို့ တက်ရန် လေ့လာသူအဖြစ်နှင့်သာ ဖိတ်ကြားမည်ဆိုပါက တက်ရောက်မည် မဟုတ် ကြောင်း ချင်းမိုင်မြို့တွင် ဇန်နဝါရီလ ၂၃ ရက်က ပြုလုပ်သည့် UNFC  ဗဟို အလုပ်အမှုဆောင် အရေးပေါ် အစည်း အဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

UNFC အဖွဲ့များထဲတွင် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ပါဝင်ပြီး ၊တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်မထိုးရသေးသည့် အဖွဲ့များဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading