ကျောင်းသားများအား ဓမ္မတာနှင့်ဆန့်ကျင်သော လိင်ဆက်ဆံမှုပြုသည်ဟုဆိုကာ ပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့် ထားခြင်းခံရသည့် မြောင်းမြမြို့နယ်၊ ကဝက်ကျေးရွာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်အောင်အား မြောင်းမြမြို့မရဲစခန်းက ယမန်နေ့က ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
“ဆရာကြီး ဦးအောင်အောင်ကို မနေ့က နေ့လယ် ၁၂ နာရီ ၂၀ မိနစ်မှာ ဖမ်းဆီးခဲ့ပါတယ်။ လက်ရှိ သူ့ကို ရမန် ယူပြီး စခန်းမှာ ချုပ်ထားတယ်။ အမှုနဲ့ပတ်သက်လို့ စစ်ဆေးမှုတွေကတော့ မပြီးသေးပါဘူး။ စစ်နေတုန်းပါပဲ။ အမှုကိုတည်ဆောက်ပြီးချိန်မှာ တရားရုံးကို အမြန်ဆုံးတင်ပို့သွားမှာပါ”ဟု မြောင်းမြ မြို့မစခန်းမှူး ဒုရဲမှူး အေးမင်းသိန်းက ဧရာဝတီကို ပြောသည်။
အသက် ၅၀ ကျော်အရွယ် ကျောင်းအုပ်ကြီး ဦးအောင်အောင်သည် ပြီးခဲ့သည့်နှစ်မတ်လအတွင်း တက္ကသိုလ် ဝင်စာမေးပွဲ ဖြေဆိုချိန်ကာလတွင် အသက် ၂၃ နှစ်အရွယ် ၁၀ တန်းကျောင်းသားအား ဓမ္မတာနှင့်ဆန့်ကျင် သော လိင်ဆက်ဆံမှု ပြုလုပ်ခဲ့သည်ဟုဆိုကာ အဆိုပါကျောင်းသားက မြောင်းမြမြို့မရဲစခန်းတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပုဒ်မ ၃၇၇ ဖြင့် အမှုဖွင်ခဲ့ပြီး ဖမ်းဆီးစစ်ဆေးရန် ဧရာဝတီတိုင်းပညာရေးဌာန၏ ခွင့်ပြုချက်ရ သည့်အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကျောင်းအုပ်ကြီးသည် ကျောင်းသားများကို ခြိမ်းခြောက်ပြီး ကာမရယူခြင်း၊ ကျောင်းသားများထံမှ ငွေကောက်ခံခြင်းနှင့် ကျောင်းထောက်ပံ့ငွေများကို ကိုယ်ကျိုးအတွက် အသုံးပြုခြင်းများ ပြုလုပ်နေကြောင်း ကဝက်ဒေသခံ ကျောင်းသားမိဘများနှင့် ဆရာတချို့က အခြေခံပညာ ဦးစီးဌာနရုံးချုပ်သို့ စာပို့တိုင်ကြားခဲ့၍ မြောင်းမြခရိုင် ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူး တို့ပါဝင်သည့် အဖွဲ့ဖြင့် ဌာနတွင်းခုံရုံးဖွဲ့ စစ်ဆေးမှုများ လုပ်ဆောင်နေသည်။
ကျောင်းအုပ်ကြီးအား တိုင်ကြားခဲ့သည့် ကဝက်ကျေးရွာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမ ၅ ဦးကို ကျောင်းအုပ်ကြီးက အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် ပြန်လည်တရားစွဲဆိုထားပြီး အဆိုပါ ဆရာ၊ ဆရာမများအား ကျောင်းအုပ်ကြီးအပါအဝင် ၎င်း၏ ဆွေမျိုးများက ရန်တွေ့ ခြိမ်းခြောက်မှုများ ဖြစ်ပေါ်နေ၍ ဧရာဝတီတိုင်း ဒေသ ကြီး အစိုးရအဖွဲ့က ကဝက်ကျေးရွာသို့ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
“ဦးအောင်အောင်ရဲ့ အစ်ကိုနှစ်ယောက်က တိုင်ကြားတဲ့ ဆရာ၊ ဆရာမတွေကို ခြိမ်းခြောက်တာ၊ ရန်တွေ့တာ တွေရှိတယ်။ ကျောင်းအုပ်ကြီး ဦးအောင်အောင်ကိုယ်တိုင်ကလည်း တိုင်ကြားတဲ့ ကာယဆရာမလေးကို သတ် ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိတဲ့အတွက် ကွင်းဆင်းစစ်ဆေးခဲ့တာပါ။ တိုင်းဒေသကြီးအစိုးရအနေနဲ့ ခြိမ်းခြောက်ခံနေရတဲ့ ဆရာ၊ ဆရာမတွေကို အကာအကွယ်ပေးဖို့နဲ့ အမှုဖြစ်စဉ် အမှန်အတိုင်း ပေါ်ပေါက်ဖို့ အတွက် သက်ဆိုင်ရာ တရားဥပဒေလမ်းကြောင်းအရ စနစ်တကျဖြစ်သွားဖို့ကို ကြိုးပမ်းပေးသွားမှာပါ”ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ဧရာဝတီကို ပြောသည်။
ဖမ်းဆီးခံခဲ့ရသည့် ကျောင်းအုပ်ကြီး ဦးအောင်အောင်အား ပညာရေးဌာနက ဝန်ထမ်းအဖြစ်မှ ရပ်စဲထားပြီး ဌာန တွင်း ခုံရုံးဖွဲ့စစ်ဆေးမှုအရ ကျောင်းသားများထံမှ ငွေကောက်ခံမှုနှင့် ကျောင်းထောက်ပံ့ကြေးများ ကိုယ်ကျိုး သုံး စွဲခြင်းများ ထင်ရှားပေါ်ပေါက်ပါက အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု တိုင်းပညာ ရေးမှူးရုံးက သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းကလည်း ကျိုက်လတ်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) မှ သမိုင်းဘာသာသင်ကြားသည့် ကျောင်းဆရာ ဦးရန်နိုင်သည် ၈ တန်းကျောင်းသူ ၂ ဦးကို ကျောင်းခန်းအတွင်း သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သည့်အတွက် ယင်းကျောင်းသူတို့၏ မိဘများက အမှုဖွင်ခဲ့သောကြောင့် ကျောင်းဆရာ ဦးရန်နိုင်အား ရဲတပ်ဖွဲ့က ပုဒ်မ ၃၇၆ (မုဒိမ်းမှု) ဖြင့် ဖမ်းဆီးခဲ့သည်။