သတင်း

ပန်ဆန်းအစည်းအဝေး မွန်နှင့် ကရင်နီမတက်နိုင်

Want create site? Find Free WordPress Themes and plugins.

‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ်ရှိရာ ပန်ဆန်း(ပန်ခမ်း) မြို့၌ ဖေဖော်ဝါရီ ၂၂ ရက်တွင် စတင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်များ တတိယအကြိမ် မျက်နှာစုံညီ ပန်ခမ်း အစည်း အဝေးသို့ တက်ရောက်ရန် အဖွဲ့ ၁၀ ဖွဲ့ကို ဖိတ်ကြားထားသော်လည်း ၂ ဖွဲ့က တက်ရောက်နိုင်ခြင်း မရှိဟု သတင်း ရရှိ သည်။

အဆိုပါ သတင်းကို “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ခေါင်းဆောင်များ တတိယ အကြိမ် ပန်ခမ်း ထိပ်သီး အစည်းအဝေး”၏ အတွင်းရေးမှူး အဖွဲ့က ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယင်း အစည်းအဝေးသို့ မတက်ရောက်နိုင်သည့် အဖွဲ့ ၂ဖွဲ့မှာ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) နှင့် မွန်ပြည်သစ် ပါတီ (NMSP) တို့ ဖြစ်သည်ဟု ဆိုသည်။

KNPP နှင့် NMSP တို့သည် အခြေအနေ ထူးခြားမှုရှိသဖြင့် ကိုယ်စားလှယ် စေလွှတ်နိုင်ခြင်း မရှိကြောင်း၊ သို့သော် ပန်ဆန်း တတိယအကြိမ် အစည်းအဝေးသို့ စာတမ်းများ ပေးပို့သွားမည်ဖြစ်ကြောင်းလည်း အတွင်းရေးမှူး အဖွဲ့၏ ထုတ်ပြန် ချက်တွင် ပါရှိသည်။

NMSP ၏ ဗဟို အလုပ်မှုဆောင် ကော်မတီဝင် ဦးနိုင်ဝင်းလှက “ကျနော်တို့က အစည်းအဝေးကို တက်ဖို့ ဆုံးဖြတ် ပြီး သားပါ။ ကိုယ်စားလှယ်လည်း ရွေးတယ်။ နောက် လမ်းခရီးမှာ အခက်အခဲဖြစ်လို့၊ လမ်းခရီးကြောင့် မတက်ဖြစ်တော့ တာ ပါ”ဟု ဧရာဝတီကို ပြောသည်။

KNPP ကို ဧရာဝတီက ဆက်သွယ်သော်လည်း အစည်းအဝေးအတွင်း ရောက်နေသည် ဆိုပြီး မေးမြန်း၍ မရပါ။

ပန်ခမ်း ထိပ်သီး အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၄ ရက်ထိ ကျင်းပမည် ဖြစ်ကြောင်း၊ UWSA က ကမ ကထ ပြုလုပ်ပြီး မိုင်းလားအဖွဲ့ (NDAA) က အစည်းအဝေး ဖြစ်မြောက်ရေး အတွက် ကူညီပေးကြောင်း သိရသည်။

ထိုအစည်းအဝေး အတွင်း မတ်လတွင် နေပြည်တော်၌ ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးအပေါ် သဘောထား အမြင်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ရပ် တည်ချက်များကို ထည့်သွင်းဆွေးနွေး သွားမည် ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA)အပေါ် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များကြား သဘောထား ၊ သုံးသပ်မှု၊ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) နှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အသီးသီးတွင် ကြုံတွေ့ နေရသည့် အခြေအနေများ အပေါ်တွင် လည်း သုံးသပ် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ပန်ခမ်း အစည်းအဝေးသို့ တက်ရောက်မည့် တိုင်းရင်းသား ခေါင်း ဆောင် တချို့က ပြောသည်။

ပန်ခမ်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးကြမည့် အဖွဲ့များမှာ UWSA၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ / ရှမ်းပြည် မြောက်ပိုင်း တပ်မတော် (SSPP/SSA) ၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA) ၊ ရက္ခိုင့် တပ်မတော် (AA) တို့မှ ကိုယ်စား လှယ် များ ဖြစ်ပြီး ယနေ့ ပန်ဆန်းမြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထို့အပြင် အထူး ဖိတ်ကြားထားသူများ အဖြစ် ကရင် အမျိုးသား အစည်းအရုံး (KNU) ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘောကျော်ဟဲ နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) မှ ဗိုလ်မှူးကြီး စောဆန်းအောင် တို့ ကလည်း ပန်ခမ်း ထိပ်သီး အစည်းအဝေးတွင် ပါဝင်ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် ပန်ခမ်း ထိပ်သီးညီလာခံကို ၂၀၁၅ ခုနှစ် မေလတွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ လ တွင် ကျင်းပခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading