သတင်း

ရန်ကုန်မြို့သစ်စီမံကိန်း ပြန်စမည်

Want create site? Find Free WordPress Themes and plugins.

ဝေဖန်ကန့်ကွက်မှုများကြောင့် ကာလအတန်ကြာ ဆိုင်းငံ့ထားခဲ့ရသော ရန်ကုန်မြို့သစ်စီမံကိန်းကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် စတင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက “ ဒီဖေဖော်ဝါရီလကုန်ပိုင်းမှာ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး စတင်မှာဖြစ်တယ်။ ကြည့်မြင်တိုင် တဖက်ကမ်းကို စတင်ဆောင်ရွက်မှာဖြစ်တယ်။ ရန်ကုန်မြို့ ထဲမှာရှိတဲ့ ဆောက်လုပ်ရေး အိမ်ရာစီမံကိန်း အဟောင်းတွေကိုလည်း အဆင့်မြှင်တင်ဖို့ အစီအစဉ် ရှိတယ်။ ဂျပန်နိုင်ငံဘက်ကလည်း အဆိုပြု ကမ်းလှမ်းထားတာ ရှိတယ်”ဟု ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် ကျင်းပသော ဒုသမ္မတ ၁ နှင့် စီးပွားရေးလုပ်ငန်းရှင်များ တတိယအကြိမ် တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြို့သစ်စီမံကိန်းအတွက် အိမ်ရာဖော်ဆောင်ရေးစီမံကိန်း လုပ်ငန်းများဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ အနေဖြင့် ဦးဆောင်လုပ်ကိုင်နိုင်ရန် အထူးကုမ္ပဏီ အက်ဥပဒေဖြင့် (Yangon Metropolitan Development) အများပိုင်ကုမ္ပဏီတရပ်ကို ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်းဖွဲ့စည်းထားကြောင်း သိရသည်။

“ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ အစိုးရက အစုရှယ်ယာပါဝင်တဲ့ကုမ္ပဏီတရပ်ရှိမှ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ထိန်းကျောင်းလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်းကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် စတင် အကောင်အထည် ဖော်မည်ဟုသာ ပြောဆိုခဲ့သော်လည်း လုပ်ကိုင်မည့် ပုဂ္ဂလိကကုမ္ပဏီနှင့် စီမံကိန်းအသေးစိတ်ကို တရားဝင် ပြောဆိုခဲ့ခြင်း မရှိသေးပေ။ အသစ်ပြန်လည်ပြုလုပ်မည့် စီမံကိန်းတွင် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ပညာရှင်များနှင့် ပြင်သစ်ပညာရှင်များ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်ပေါင်း ၂၀၀၀ ကျော်ရှိပြီး ၎င်းတို့ကို ရန်ကုန်မြို့ ဖွံ့ဖြိုးရေး စီမံကိန်းများတွင် ပါဝင်နိုင်ရန် ဖိတ်ခေါ်သွားမည် ဖြစ်သည်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက  “ ဖွံ့ဖြိုးရေးစီမံကိန်းတွေ ဆောင်ရွက်တဲ့နေရာမှာ အားလုံးပါဝင်နိုင်အောင် ဖိတ်ခေါ်သွားမှာဖြစ်တယ်။ တဦးတယောက်ကို ပေးလိုက်တာမျိုး မဟုတ်ဘဲနဲ့ ဖွံ့ဖြိုးရေးကို အစုရှယ်ယာရှင်ကြီးက တာဝန်ယူပြီး လုပ်ငန်းရှင်တွေအားလုံး ပါဝင်နိုင်တဲ့ အခွင့်အလမ်း တခုကို ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ယင်းစီမံကိန်းကို ယခင် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် ထိုစဉ်က တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် နီးကပ်သော ဆက်ဆံရေးရှိသူ တရုတ်စီးပွားရေးလုပ်ငန်းရှင် ရှောင်ဖန်းနှင့် ရှောင်စန်းတို့ပိုင်သည်ဟု သတင်းထွက်ခဲ့ပြီး လူသိနည်းသော မြန်မာ့စေတနာမြို့သစ်ကုမ္ပဏီကို သီးသန့်ကန်ထရိုက် စတင်ချပေးခဲ့သည်။ မီဒီယာနှင့် တိုင်းလွှတ်တော်က အပြင်းအထန် ဖိအားပေးမှုနှင့် ရင်ဆိုင်ရအပြီး ယင်းအစီအစဉ် ရပ်ဆိုင်းသွားခဲ့သည်။

၂၀၁၅ ခုနှစ်တွင်မူ စီမံကိန်းအတွက် ရန်ကုန် အနောက်တောင်ဒေသဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သောကုမ္ပဏီ၊ Business Capital City Developmaent Ltd နှင့် ရွှေသံလွင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပါး အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီတို့ကို အတည်ပြုခဲ့ပြန်သည်။

“ယခင်အစိုးရလက်ထက်မှာ ကုမ္ပဏီ သုံးခုကို အတည်ပြုခဲ့တယ်။ နောက်ပိုင်း အစိုးရ အကူးအပြောင်းမှာ ရပ်သွားတယ်။ သူတို့တုန်းကတော့ သူပိုက်ဆံနဲ့သူ မြို့သစ်လုပ်ရမယ်။ အခု လက်ရှိအစိုးရက ဒါကို ပိုကောင်းအောင် အသစ်ပြန်ရေး ဆွဲတာ။ တချို့ မာစတာ ပလန်တွေကို လိုတာ ပြန်ပြင်မယ်။ အသစ်တွေနဲ့ ပြန်လုပ်မယ်။ ကုမ္ပဏီသုံးခုကလည်း MoU ထိုးထားတာဖြစ်တဲ့အတွက် ပြန်ပါနိုင်ပါတယ်။ အသေးစိတ် မသိရသေးပါဘူး”ဟု ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင် ဦးစံကျော်က ပြောသည်။

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ရန်ကုန်မြို့ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေး တူးမြောင်းအကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းအကြား မြေနေရာများကို လျာထားပြီး ကြည့်မြင်တိုင် တဖက်ကမ်း၊ တွံတေးမြို့နယ်ရှိ မြေနေရာများ ပါဝင်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading