တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့နယ်ရှိ ဟိန္ဒား သတ္တုတူးဖော်ရေး လုပ်ငန်းခွင် အတွင်း ဒေသခံ အမျိုးသမီး တဦး လည်ပတ်နေသည့် စက်ယန္တရားထဲ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“စက်က ည ၁၂ နာရီမှာ နားလိုက်တယ်။ အဲဒီဟာ မတိုင်ခင်မှာ ဖြစ်တဲ့သဘောပေါ့။ ၁၃ ရက် မနက် လုပ်ငန်းခွင် ပြန်လည် ဖို့ သွားတဲ့ အလုပ်သမားတွေက တွေ့လို့ လှမ်းအကြောင်းကြားတော့ ကျနော်တို့ ၁၃ ရက်မနက်မှ ရောက်သွားတာ” ဟု မေတ္တာနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ် တင့်လွင်က ဧရာဝတီကို ပြောသည်။
ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းက သေဆုံးသွားသည့် အသက် ၂၅ နှစ်အရွယ် မသီသီဝင်းသည် မေတ္တာမြို့နယ် ဟိန္ဒား (၉) ရပ်ကွက် တွင် နေထိုင်သူဖြစ်ပြီး ယင်းလုပ်ငန်းခွင်မှ အလုပ်သမား မဟုတ်ကြောင်း၊ လုပ်ငန်းခွင်ထဲမှ အကြွင်းအကျန် ခဲမြေစာ များကို လာရောက် ခိုးယူရင်း ယင်းကဲ့သို့ ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ဆက်လက်၍ ၎င်းက ပြောဆိုသည်။
ရဲအုပ် တင့်လွင်က“သေဆုံးတဲ့သူက သူတို့ကုမ္ပဏီရဲ့ အလုပ်သမားတော့ မဟုတ်ဘူး။ ရွာထဲက။ လုပ်ငန်းခွင်တွေထဲက ခဲမြေစာ လေးတွေကို အမှန်အတိုင်းပြောမယ်ဆို လိုက်ခိုးတဲ့ သူတွေပေါ့။ အဲဒီမှာဝင်ပြီး ခိုးရင်းနဲ့ စက်ကလည်နေတော့ ကျတော့ ညအမှောင်ထဲမှာ ဝင်ခိုးတော့ သူတို့အခေါ် Conveyor roller ဒလက်ကြီးတွေနဲ့ တောင်စောင်းက အတက်မှာ သွားခိုက်မိပြီး ဆုံးသွားတာ”ဟု ပြောသည်။
သေဆုံးသူ၏ အစ်မတဝမ်းကွဲ ပြောပြချက်အရ ၎င်းတို့ ညီအစ်မ နှစ်ယောက်သည် လုပ်ငန်းခွင်အတွင်းရှိ စက်ကြီးများ အောက်သို့ သွားပြီး ခဲအကြွင်းအကျန်များကို ရှာဖွေလေ့ရှိကြောင်း၊ အခင်းဖြစ်ပွားသည့် ညတွင် ၎င်းနေမကောင်းသဖြင့် နေအိမ်တွင် ကျန်ရစ်ခဲ့သည်ဟု ရဲစခန်းတွင် ထွက်ဆိုထားကြောင်းလည်း ရဲအုပ်တင့်လွင်က ပြောပြသည်။
ယင်းအမှုနှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး သတ္တုတွင်းလုပ်ငန်း အမှတ်(၂) တိုင်း အထွေထွေမန်နေဂျာ ရုံးသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ တိုင်းဦးစီး ဦးအောင်ကျော်ဦးက မတော်တဆ သေဆုံးမှု ဖြစ်သည်ဟု ပြောဆိုသည်။
“တရားမဝင် ညအချိန်မှာ ဝင်ရောက်တဲ့အခါ မတော်တဆဖြစ်ပြီး သေဆုံးတဲ့အမှု ဖြစ်ပါတယ်။ ဒါကတော့ တရားဥပဒေ အရ ရဲစခန်းမှာ အမှုဖွင့် ဆောင်ရွက်နေတာ ရှိပါတယ်။ တရားမဝင် ခိုးယူတဲ့သူတွေ အတွက်တော့ ကုမ္ပဏီအနေနဲ့ တာဝန်ယူမှု အပိုင်း ကတော့ ကိုယ့်ဝန်ထမ်း မဟုတ်တဲ့အခါကျတော့ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနနဲ့ ဆက်သွယ် ဆောင်ရွက်ဖို့ တော့ မရှိပါဘူး”ဟုလည်း ၎င်းက ပြောသည်။
သေဆုံးနေသည့် ရုပ်အလောင်းကို စတင်တွေ့ရှိစဉ်က ခန္ဓာကိုယ် အပေါ်ပိုင်းတွင် အဝတ်မပါဘဲ တွေ့ရှိခဲ့ရခြင်း၊ သေဆုံးသူ ၏ အစ်မဝမ်းကွဲ ပြောစကားများသည် ရဲစခန်း ထွက်ချက်နှင့် ရပ်ရွာထဲတွင် ပြောဆိုမှု ကွဲလွဲနေသဖြင့် သေဆုံးမှု နှင့် ပတ်သက် ၍ သံသယဝင်မိကြောင်း ဟိန္ဒားသတ္တုမိုင်း စောင့်ကြည့်ရေးအဖွဲ့ဝင် ဒေါ်နီနီထွေးက ပြောသည်။
သေဆုံးမှုနှင့်ပတ်သက်၍ ကုမ္ပဏီ၏ ဝန်ထမ်းမဟုတ်သည့် အတွက် တာဝန်ယူပေးမည် မဟုတ်ကြောင်း လုပ်ငန်းခွင် မန်နေဂျာက ပြောဆိုထားသည်ဟုလည်း ၎င်းက ပြောပြသည်။
သေဆုံးသွားသည့် အမျိုးသမီးတွင် မူလတန်းအရွယ် နှင့် အသက် ၃ နှစ်အရွယ် သမီးကလေး နှစ်ယောက် ကျန်ခဲ့ကြောင်း သိရသည်။
ယင်းအမှုနှင့်ပတ်သက်၍ မေတ္တာနယ်မြေ ရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိပြီး ဆရာဝန် ဆေးစစ်ချက် ရရှိပြီးပါက သက်သေ ထွက်ဆိုချက်များ၊ အခင်းဖြစ်ပွားရာ နေရာမှ တွေ့ရှိချက်များနှင့် အမှုတည်ဆောက်၍ တရားရုံး တင်သွားမည်ဖြစ်ကြောင်း စခန်းမှူး ရဲအုပ် တင့်လွင်က ပြောဆိုသည်။