ချင်းတိုင်းရင်းသားတို့၏ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဟားခါးမြို့တွင် ကျင်းပခွင့်မရသဖြင့် ထန်တလန်မြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်မည်ဟု ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးမှု ပူးတွဲကော်မတီ CNDJC မှ ညှိနှိုင်းရေးမှူး ဆလိုင်းကျုံးလျန်တောင်က ပြောသည်။
၎င်းက “ဟားခါးကနေ ဘာကြောင့် ထန်တလန်မှာပဲ ခွင့်ပြုတယ်ဆိုတာကို အကြောင်းပြချက် မပေးပါဘူး။ ထန်တလန်မှာ ကျင်းပဖို့ ဆုံးဖြတ်လိုက်တာ ကျွန်တေ်ာတို့ဘက်က သဘောထားကြီးပေးလိုက်တဲ့ သဘောပါ” ဟု ဖေဖော်ဝါရီလ ၂၁ရက်နေ့ Summit Parkview Hotel တွင် ပြလုပ်ခဲ့သည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ချင်း) သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးမှု ပူးတွဲကော်မတီ CNDJC ကို ချင်းနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၇ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခင်က ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ခွင့်မပေးရာက ပြန်လည်ညှိနှိုင်းပြီး ကျင်းပခွင့်ရရန် ကြိုးပမ်းထားရခြင်း ဖြစ်ကြောင်း အဆိုပါကော်မတီမှ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က ပြောသည်။
“ညှိနှိုင်းဆွေးနွေးပွဲဆိုတာ တပွဲထဲနဲ့ မပြီးပါဘူး။ ဒီပွဲမှာ လုပ်ခွင့်မရဘူးဆိုတာကို လုပ်ခွင့်ရလာတယ်။ ကျနော်တို့ ဘက်က ဘာပေးလိုက်ရလဲဆိုတော့ ဟားခါးအစား ထန်တလန်ပေါ့။ ဒါက ညှိနှိုင်းမှုရဲ့ အနှစ်သာရပဲလေ” ဟု ၎င်းက ဆိုသည်။
ပထမအကြိမ် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ချင်း) ကို ပြည်နယ်တွင်းနှင့် ပြည်နယ်ပြင်ပရှိ မြို့နယ် ၃၀ ခန့်မှ ချင်းတိုင်းရင်သား ဦးရေ ၅၀၀ ခန့်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC က CNDJC ကို ချင်းအမျိုးသားတပ်ဦး CNF မှ ကိုယ်စားလှယ် ၇ ဦး၊ ချင်းအရပ်ဘက်အဖွဲ့အစည်းမှ ကိုယ်စားလှယ် ၇ ဦး၊ NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဒေသများတွင် အဆင်သင့်ဖြစ်လျှင် ဆွေးနွေးပွဲများ ကျင်းပနိုင်ကြောင်း အောက်တိုဘာလက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အစိုးရနှင့် တပ်မတော်က ကရင်၊ တနင်္သာရီ၊ နေပြည်တော်တို့တွင် ဆွေးနွေးပွဲများ ကျင်းပကာ ရှမ်းပြည်နယ်ရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီနှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO တွင် ကျင်းပရန် သဘောတူခဲ့သည်။
သို့သော် ချင်းနှင့် ရခိုင်ပြည်နယ် မပါဝင်ခဲ့သဖြင့် ချင်းနိုင်ငံရေး အသိုင်းအဝိုင်းအတွင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့ရာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးမှုကြီးကြပ်ရေးကော်မတီကို အစိုးရက ဖွဲ့စည်းခဲ့သည်။
ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ဖေဖော်ဝါရီ လအတွင်း ကျင်းပရန် လျာထားခဲ့သော်လည်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် ကျန်ရှိနေသေးသဖြင့် မတ်လအတွင်း ပြောင်းရွှေ့ ကျင်းပရန် ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။