ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဟမ်းငိုင်းကျေးရွာအနီး မော်တော်ယာဉ် မတော်တဆမှုတခုတွင် ကျောင်းသား ၄ ဦးနှင့် ယာဉ်မောင်းတဦးတို့သေဆုံးပြီး အခြား ၁၇ ဦးမှာလည်း အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း လွိုင်လင် အထွေထွေရောဂါကုဆေးရုံမှ ဆေးရုံအုပ်ကြီး ဦးဇေယျက ဧရာဝတီသတင်းဌာနသို့ အတည်ပြုပြောကြားသည်။
ကျောင်းသား ၂၄ ဦး တို့သည် နှစ်ပတ်လည် စာမေးပွဲဖြေဆိုရန်အတွက်၂၇ မိုင်ဝေးသော မိုင်းကိုင်မြို့သို့ သွားသည့်ထရပ်ကားပေါ်တွင် လိုက်ပါလာကြသည်။ သို့သော် ၎င်းတို့စီးနင်းလာသည့်ကားမှာ ရုတ်တရက် ဘီးပေါက်ကာ တောင်စောင်းဝင်တိုက်မိကြောင်း ကျောင်းသား မိဘအသိုင်းအဝိုင်းတို့၏ပြောဆိုချက်ကို လွိုင်လင်ဆေးရုံအုပ်ကြီးက ဧရာဝတီသို့ ပြန်ပြောင်းပြောပြသည်။
ယာဉ်မတော်တဆမှုမှာ ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော်လည်း ဒဏ်ရာရကျောင်းသား ၁၇ ဦးတို့သည် ည ၈ နာရီ နောက်ပိုင်းမှသာ လွိုင်လင် ဆေးရုံသို့ရောက်လာသည်။
ရှမ်းသံတော်ဆင့်တွင် ရေးသားထားသည့် သတင်းအရ အဆိုပါ ကားပေါ်တွင် ကျောင်းဆရာ ဆရာမများနှင့်မိဘများလည်း လိုက်ပါလာကြသည်။ ဒဏ်ရာရသူ ၁၇ ဦးတွင် ယာဉ်အကူတဦး၊ ဆရာမတဦးနှင့် မိဘတဦးက လွဲပြီး ကျန်သူများမှာ ကျောင်းသားများဖြစ်ကြသည်။
ဒဏ်ရာပြင်းထန်သူ ၃ ဦးကို လွယ်လင်ဆေးရုံမှ တောင်ကြီးဆေးရုံသို့အင်္ဂါနေ့ညတွင် လွှဲပေးခဲ့ကြောင်း ဦးဇေယျပြောသည်။ တိမ်းမှောက်သွား သောယာဉ်သည် ကျောင်းသားများအား လိုက်ပို့နေကျယာဉ် သို့မဟုတ် စာမေးပွဲကာလအတွင်း အသုံးပြုရန် ငှားရမ်းထားသောယာဉ် ဟုတ် မဟုတ်ကို သူ့အနေဖြင့်အတည်မပြုနိုင်ခဲ့ပါ။
အသက်ရှင် လွတ်မြောက်လာကြသူများကို ယခု သတင်းနှင့်ပတ်သတ်၍ မှတ်ချက်ပေးရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေခဲ့ပါ။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးအချို့ ဖေဖော်ဝါရီ ၂၁ ရက် ယမန်နေ့က လွိုင်လင်ဆေးရုံသို့ သွားရောက်ကာ ဒဏ်ရာရရှိသည့် ကျောင်းသား၊ ကျောင်းသူမိဘများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း၊ စာမေးပွဲပြန်လည် ဖြေဆိုခွင့်လည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် နောင်လာမည့်နှစ်များတွင်လည်း ကျောင်းသား ကျောင်းသူများ အလားတူဖြစ်ရပ်များ မကြုံစေရန် အစိုးရအနေဖြင့် တရားဝင်စာစစ်ဌာန တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဟု ကတိပေးခဲ့ကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှုး ဦးစိုးညွန့်လွင်၏ ဖေ့ဘုတ် လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။