ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နစ်နာပြီး ပြည်သူအများ လက်မခံသည့် နှစ်ရှည်စီမံကိန်းများနှင့် ခေတ်အဆက်ဆက်အစိုးရက ခွင့်ပြုထားသော လုပ်ငန်းများကို ပြန်လည်စိစစ်မည့် အဆိုကို့် ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။
ထိုအဆိုကို ယနေ့ကျင်းပသည့် လွှတ်တော်၌ တင်သွင်းခဲ့သူ မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက “လူထုမသိဘဲ ခွင့်ပြုပေးပြီး နောင်တချိန် လုပ်ငန်းလည်ပတ်တော့မှ သဘောမတူ ကန့်ကွက်ခဲ့မယ်ဆိုရင် ရင်းနှီးမြှုပ်နှံခဲ့တဲ့ လုပ်ငန်းရှင်တွေဘက်က နစ်နာသလို ခွင့်ပြုပေးခဲ့တဲ့ အစိုးရအနေနဲ့လည်း မျက်နှာပျက်ရတယ်” ဟု ပြောသည်။
နှစ်ရှည်စီမံကိန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပါဝင်ပြီး၊ အစိုးရနှင့် နိုင်ငံသား ပုဂ္ဂလိက လုပ်ငန်းရှင်များ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုများကို နှစ် ၃၀၊ နှစ် ၆၀ အထိ လုပ်ကိုင်ခွင့်ပြုထားသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကုလားမတောင်တန်းပေါ်တွင် နိုင်ငံတော်က ကျောက်မိုင်းလုပ်ငန်း ၂၂ ခုကို ခွင့်ပြုထားပြီး ကျိုက်ထိုမြို့နယ်တွင် ကျောက်မိုင်း ၄၈ ခုအထိ ရှိကြောင်းနှင့် နှစ် ၃၀ လုပ်ပိုင်ခွင့် ပေးထားသည့် စီမံကိန်း ၃ ခု ရှိကြောင်းလည်း ဒေါ်မိကွန်ချမ်းက ဆိုသည်။
ယခင်အစိုးရလက်ထက်၌ ခွင့်ပြုထားခဲ့ပြီး အကောင်အထည်ဖော် လုပ်ဆောင်နိုင်ခြင်း မရှိသည့် စီမံကိန်းများစွာ ရှိနေကြောင်း၊ ၎င်းတို့ထဲတွင် ပြည်တွင်းပြည်ပ ပုဂ္ဂလိက ကုမ္ဗဏီများနှင့် လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ် စီမံကိန်း ၄၁ ခု ရှိကြောင်း၊ ထိုစီမံကိန်းများသည် တိုင်းရင်းသား ဒေသများတွင် အများဆုံးတည်ရှိကြောင်း ဒေါ်မိကွန်ချမ်းက ယနေ့လွှတ်တော်၌ ဆွေးနွေးခဲ့သည်။
ထိုအဆိုကို ရခိုင်ပြည်နယ် တောင်ကုတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်က ထောက်ခံခဲ့ပြီး၊ ဆွေးနွေးလိုသူများကို ယခုလ၂၃ ရက် နောက်ဆုံးထား စားရင်းပေးသွင်းရန် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ပြောသည်။
ပုဂ္ဂလိက နှစ်ရှည်စီမံကိန်းများ မဆိုထားနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံများပင် စိန်ခေါ်မှုများစွာဖြင့် အရှုံးပေါ်နေပြီး နိုင်ငံတော်ဘတ်ဂျက်မှ ကျပ်သိန်းပေါင်း သန်းနှင့်ချီ စိုက်ထုတ် သုံးစွဲနေရသဖြင့် ထိုလုပ်ငန်းများကိုပါ ပြန်လည်စိစစ်သင့်ကြောင်း လှိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ဆိုသည်။
နှစ်ရှည် စီမံကိန်းကြီးများတွင် ကျွန်းသစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ ဘိလပ်မြေစက်ရုံ၊ ပုလဲ၊ ကျောက်မျက်ရတနာနှင့် တွင်းထွက်ပစ္စည်း ရှာဖွေသည့် လုပ်ငန်းများ၊ ကျောက်မိုင်းများ၊ ရေနက်ဆိပ်ကမ်းများ၊ မြို့ပြဖွံဖြိုးရေး လုပ်ငန်းများ၊ သတ္တုရှာဖွေခြင်း၊ ဆောက်လုပ်ရေး၊ စက်ရုံ၊ အလုပ်ရုံများ၊ လျှပ်စစ်စီမံကိန်းများနှင့် ဆည်မြောင်းတာတမံ စသည့် စီမံကိန်းများ ပါဝင်ကြောင်းနှင့် တချို့ဆိုလျှင် လုပ်ငန်းအကောင်အထည် မဖော်ရသေးသည့် စီမံကိန်းကြီးများပါ ရှိနေကြောင်း ဒေါ်မိကွန်ချမ်းက ပြောသည်။