သတင်း

မြန်မာ့ ပဋိပက္ခအပေါ် တရားသူကြီး ဝင်လုပ်မည်မဟုတ်ဟု တရုတ်ပြောဆို

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများ အကြား ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ ဘယ်သူမှန်၊ ဘယ်သူမှားဟူ၍ တရားသူကြီးဝင်လုပ်မည် မဟုတ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေး ဌာန အာရှရေးရာ အထူးသံတမန် မစ္စတာဆွန်ကော့ရှန် (Sun Guoxiang) ပြောဆိုလိုက်သည်။

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံ ကူမင်းမြို့၌ ကရင်အမျိုးသားအေစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့နှင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဆွေးနွေးရာတွင် မစ္စတာဆွန်ကော့ရှန်က ယင်းသို့ ပြောဆိုခဲ့ကြောင်း ဧရာဝတီက ရရှိထားသော အဆိုပါ အစည်းအဝေးမှတ်တမ်းတွင် ဖတ်ရှုရသည်။

မစ္စတာဆွန်ကော့ရှန်က “မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရရှိစေလိုကြောင်း ဘယ်သူမှန်၊ ဘယ်သူမှားဟူ၍ မိမိတို့ မပြောလို ကြောင်း၊ မိမိတို့ တရားသူကြီး လုပ်မည်မဟုတ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပေါ် ရောက်ရှိရေး တွန်းတင်ရန်သာဖြစ်ကြောင်း၊ ဆွေးနွေးဖြေရှင်းကြစေလိုကြောင်း၊ ပြဿနာ ဖြစ်ပါက မိတ်ဆွေကောင်း အနေဖြင့် အကြံပြုမည်ဖြစ်ကြောင်း” တိုက်ရင်းသား လက်နက်ကိုင် အဖွဲ့များကို တိုက်တွန်း ပြောဆိုထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ၎င်းတို့၏ မူဝါဒသည် အခြားနိုင်ငံများနှင့် မတူကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို လေးစားကြောင်း၊ တရုတ်နိုင်ငံက မည်သည့် အကျိုးစီးပွားကိုမှ မယူကြောင်း၊ မိတ်ဆွေကောင်းအနေဖြင့် တာဝန်အရ လုပ်ကိုင်ကြောင်း မစ္စတာဆွန်ကော့ရှန်က ပြောခဲ့သည်။

မစ္စတာဆွန်ကော့ရှန် နှင့် တွေ့ဆုံရာတွင် KNU မှ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ဗိုလ်မှူးကြီး စောထူးထူးလေး၊ ပဒိုစောဆဲဂေ၊ ပဒို စောတာဒိုမှူး၊ စောတာမူလာ တို့တက်ရောက်ပြီး RCSS မှ စိုင်းခွန်ဆိုင်း၊ EU က ဥရောပ-မြန်မာရုံး (Euro-Burma Office-EBO) မှ ဦးဟန်ယောင်ဝေ တို့ပါဝင်ကြောင်းသိရသည်။

ကူမင်းမြို့တွင်ပြုလုပ်သော အချိန်တနာရီကျော်အကြာ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နောက်ဆုံး အခြေအနေ၊ ဒုတိယအကြိမ်မြောက်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ အစည်းအဝေး ဖြစ်နိုင်ခြေ အလားအလာ၊ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အစည်းအဝေး အခြေအနေနှင့် KIO နှင့် တွေ့ဆုံမည့် အခြေအနေတွေကို ဆွေးနွေးခဲ့သည်ဟုဆိုသည်။

နိုင်ငံရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး မစ္စတာဆွန်ကော့ရှန်၏ မေးမြန်းမှုအပေါ် ဦးဟန်ယောင်ဝေက NCA အရ တန်းတူ သွားရေးကို အခြေခံကြောင်း၊ ပူးတွဲလုပ်ငန်း လုပ်ဆောင်နေကြောင်း၊ UPDJC မှ နိုင်ငံရေးလုပ်ငန်းအတွက် ဆွေးနွေး အကောင် အထည်ဖော်နေကြောင်း သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ဘက်မှ လက်ခံသော်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်မှ လိုက်ပါဆောင်ရွက်မှု အားနည်းကြောင်း ထောက်ပြပြောဆိုထားသည်။

ဦးဟန်ယောင်ဝေ က “ဒေါ်အောင်ဆန်းစုကြည်မှ လက်ခံသော်လည်း တပ်ချုပ်မှ ၎င်းကြိုက်ရာကိုသာ လက်ခံကြောင်း၊ မကြိုက်ပါက လက်မခံကြောင်း၊ ထို့ကြောင့် ဆွေးနွေးပွဲများသည် အဓိပ္ပာယ် ကင်းမဲ့ခဲ့ကြောင်း၊ NCA အရ JICM က ဦးဆောင် သော်လည်း တကြိမ်သာ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ မိမိတို့ဘက်မှ တွန်းနေရကြောင်း” ပြောဆိုထားသည်။

အစိုးရနှင့် တပ်မတော်တို့၏ သဘောထားကွာခြားချက်ကို ဗိုလ်မှူးကြီး ထူးထူးလေးကလည်း “ဒေါ်အောင်ဆန်းစုကြည် က ၂၀၀၈ ဖွဲ့စည်းပုံ ကို ချက်ချင်းပြင်ချင်တယ်။ တပ်က ချက်ချင်းမပြင်ချင်ဘူး။ ငြိမ်းချမ်းရေးရပြီးမှ ပြင်ချင်ကြောင်း” ပြောသည်။

လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်အရ ၈ ဖွဲ့သာ လက်မှတ်ရေးထိုးထားသော်လည်း မလုံလောက်ကြောင်း၊ ကျန်အဖွဲ့များ အနေဖြင့်လည်း NCA လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းနေလျှက်ရှိကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့်လည်း ကူညီပေးစေလိုကြောင်း ဗိုလ်မှူးကြီး စောထူးထူးလေးက တင်ပြဆွေးနွေးကြောင်း သိရသည်။

ဗိုလ်မှူးကြီး စောထူးထူးလေး က “၈ ဖွဲ့နှင့်သာ ပင်လုံညီလာခံပြုလုပ်ပါက မလုံလောက်ကြောင်း၊ ဤအကြောင်းကို ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ်တို့နှင့် တွေ့ဆုံကာ ပြောဆိုခဲ့ပြီးဖြစ်ကြောင်း၊ ဤနေရာလာရောက်ခြင်းသည်လည်း ဒီလုပ်ငန်းတွင် တရုတ်နိုင်ငံ၏ အကူအညီ လိုအပ်ကြောင်း၊ အပစ်ရပ်ဖြစ်ပေါ်ရေးအတွက် ကူညီစေလိုကြောင်း၊ KIA နှင့် တပ်မတော်တို့ တိုက်ပွဲများ ရပ်ရန်လိုအပ်ကြောင်း၊ ပြီးလျှင် တပ်များ ဆုတ်ခွာရန်လိုကြောင်း” ဟု ပြောဆိုဆွေးနွေးထားသည်။
မစ္စတာဆွန်ကော့ရှန်ကလည်း ၎င်းတို့ တရုတ်အစိုးရအနေဖြင့် အစိုးရ၊ တပ်မတော်နှင့် ဒေါက်တာတင်မျိုးဝင်းတို့ကို ကြိမ်ဖန်များစွာ ပြောကြားခဲ့သည်မှာ NCA လက်မှတ် မထိုးရသေးသောသူများလည်း ၂၁ ပင်လုံသို့ ပါဝင်ရန် လိုအပ်သည့် အကြောင်းပင်ဖြစ်ကြောင်း၊ ထိုသို့လုပ်ပါက အားလုံးအတွက် အကျိုးရှိသည်ဟု တိုက်တွန်းခဲ့ခြင်းပင်ဖြစ်ကြောင်း ပြောသည်။

ထို့အတူ အပစ်မရပ်သေးသော KIO ကိုလည်း ဆွေးနွေးပွဲသွားရန် တိုက်တွန်းလိုကြောင်း၊ ဆွေးနွေးပွဲသွားမှ ကိုယ်လိုတာကို ပြောယူလို့ရမည်ဖြစ်ကြောင်း၊ ဤသည်မှာ တရုတ်နိုင်ငံ၏ သဘောထားဖြစ်ကြောင်း၊ NCA လက်မှတ်ရေးထိုးမှ ယန္တယားများကို သုံးချနိုင်မည်ဖြစ်ကြောင်း၊ ဤအခင်းအကျင်းသည် အခင်းအကျင်းသစ်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည် ကိုလည်း တွေ့ရသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် တို့ကို ဆက်သွယ်ပုံအား မစ္စတာဆွန်ကော့ရှန်က မေးမြန်းရာတွင် ယခင်အစိုးရနှင့် ယှဉ်လျှင် လက်ရှိ အစိုးရလက်ထက်တွင် ဆက်သွယ်ရေး ပြတ်တောက်မှု “Communication Break Down” ဖြစ်နေကြောင်း စိုင်းခွန်ဆိုင်း က ပြောထားသည်။

စိုင်းခွန်ဆိုင်းက “ယခု ဒေါက်တာတင်မျိုးဝင်းကို ဆက်သွယ်ရန်ဖြစ်ပြီး ဆက်သွယ်ပြီးဖြစ်သော်လည်း အဖြေမရရှိဘဲ ဖြစ်နေကြောင်း၊ မုန်းကိုးတိုက်ပွဲဖြစ်စဉ်တွင် ဤကိစ္စများ ပါဝင်ကြောင်း၊ UNFC က အချက် ၈ ချက်တောင်းဆိုထားကြောင်း၊ မည်သည့် အဖြေမှ မရရှိသေးကြောင်း၊ ယခင်က Informal ဆက်သွယ်ရေးလမ်းကြောင်းရှိသော်လည်း ယခု Informal လမ်းကြောင်း ပျောက်နေကြောင်း” ဆိုသည်။

မစ္စတာဆွန်ကော့ရှန်က ၎င်းတို့အနေဖြင့် KNU နှင့် RCSS တို့ကို ဆက်သွယ်ရေးလမ်းကြောင်း ထူထောင်လိုကြောင်း၊ KNU အနေဖြင့် အနောက်နိုင်ငံများနှင့် ဆက်ဆံမှု ပိုရှိသည်ကို နားလည်ကြောင်း၊ တချိန်တည်းမှာပင် အနောက်နိုင်ငံများ၏ ရည်ရွယ်ချက်ကိုလည်း သိထားသည်ဟု ယုံကြည်ကြောင်း၊ သူတို့၏ ရည်မှန်းချက်ကို သတိထားရမည်ဖြစ်ကြောင်း သတိပေးပြောဆိုသွားသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တတ်နိုင်သလောက် ကူညီမည်ဖြစ်ကြောင်း၊ JMC အား ဖိတ်ကြား၍ ကူညီမည်ဖြစ်ကြောင်း၊ တပ်နှင့် EAOs များဘက်မှ မည်သို့ အသုံးပြုမည်ကိုတော့ သိလိုကြောင်း၊ အစိုးရကို လှူခြင်း မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် လိုအပ်ပါက ထပ်မံ လှူဒါန်းသွားရန်ရှိကြောင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေး မရရှိသ၍ ကူညီလှူဒါန်းမှုများ ရပ်တန့်သွားမည် မဟုတ်ကြောင်း ကူမင်းဆွေးနွေးပွဲတွင် မစ္စတာဆွန်ကော့ရှန်က ပြောထားသည်။

တရုတ်နိုင်ငံ အနေဖြင့် Centre For Peace and Reconciliation ကို ကူညီသကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တောက်လျှောက် ပါဝင်ခဲ့သော ပြည်ထောင်စု အင်စတီကျူ့ (PI) နှင့် ဥရောပ-မြန်မာရုံး (Euro-Burma Office-EBO) တို့ကိုလည်း ကူညီစေလိုကြောင်း ဗိုလ်မှူးကြီး ထူးထူးလေးက တရုတ်ကို တောင်းဆိုသွားသည်ကိုလည်း တွေ့ရသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် အစည်းအဝေးပြုလုပ်ရာတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်သာ ပြုလုပ်ဖြစ် သောကြောင့် UWSA နှင့် မိုင်းလားအဖွဲ့တို့ တက်ရောက်နိုင်ခြင်းမရှိကြောင်း၊ အကယ်၍ တရုတ်နိုင်ငံတွင် ပြုလုပ်လိုလျှင် တရုတ်အစိုးရ၏ သဘောထား မည်သို့ရှိမည်ကို ဗိုလ်မှူးကြီး စောထူးထူးလေး၏ မေးမြန်းမှုကို မစ္စတာဆွန်ကော့ရှန်က တရုတ်နိုင်ငံတွင် အစည်းအဝေးများ လာရောက်လုပ်နိုင်ကြောင်း၊ ကူညီမည်ဖြစ်ကြောင်း၊ သို့သော် EAOs များ အနေဖြင့် အစိုးရ၊ တပ်မတော်တို့နှင့် ကြိုတင်ညှိနှိုင်းရန် လိုအပ်ကြောင်း ပြောသည်။

မစ္စတာဆွန်ကော့ရှန်သည် KNU ထိန်းချုပ်နယ်မြေ လော်ခီးလာ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ မိုင်ဂျာယန် တို့တွင် ကျင်းပပြုလုပ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့အစည်းများ၏ ထိပ်သီး ညီလာခံများကို တက်ရောက်ခဲ့ဖူးသူ ဖြစ်ပြီး အစိုးရ တပ်မတော် ထိပ်ပိုင်းတာဝန်ရှိသူများနှင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သူဖြစ်သည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး မစ္စတာဆွန်ကော့ရှန်က “မြန်မာပြည်တွင် တိုက်ပွဲမရှိသင့်တော့ဆိုသည့် သတင်းစကားအား ကျယ်ကျယ်လောင်လောင်ပြောဆိုရန် လိုအပ်ကြောင်း၊ တပ်မတော်၊ အစိုးရ၊ EAOs များလည်း ပြောရမည်ဖြစ်ကြောင်း၊ တိုက်ပွဲများရပ်မှ ဆွေးနွေးပွဲပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ဆွေးနွေးခြင်းဖြင့် ရွေးချယ်ခွင့် ပိုမို ရရှိလာမည် ဖြစ်ကြောင်း” ဟု သတင်း စကားပါးထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading