၂၁ ရာစုပင်လုံ အစည်းအဝေး အဆင့်ဆင့်၏ နိုင်ငံရေး ကဏ္ဍဆွေးနွေးမှုတွင် ဘာသာရေးကို အခြေမခံသည့်နိုင်ငံ (Secular State) ဖြစ်ရမည်ဟူသည့် အချက်ကို ထည့်သွင်းဆွေးနွေးသွားကြရန် ပထမအကြိမ် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၌ သဘောတူညီချက် ချမှတ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲ ကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးခွန်ထွန်းရွှေက “နိုင်ငံမပြောနဲ့ ကျနော်တို့ လူမျိုးစုထဲမှာတောင် ပအို့ဝ် ခရစ္စယာန်၊ ပအို့ဝ် ဗုဒ္ဓ ဆိုရင် နိုင်ငံရေးက တူချင်မှတူမယ်။ သဘောထား ပိုများမယ်။ ဘာသာကိုးကွယ်တာနဲ့ နိုင်ငံရေး ကွဲပြားထားတာ ကောင်းမယ်ဆိုပြီး ကျနော်တို့ ဆွေးနွေး သဘောတူ ဖြစ်ကြတာပါ”ဟု ပြောသည်။
ပအို့ဝ် တိုင်းရင်းသားတို့၏ ပထမအကြိမ် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရှမ်းပြည်နယ်၊ ပအို့ဝ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့ရှိ ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ခန်းမ၌ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၀ ရက်ထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေဆဲဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း(၁)၊ ပုဒ်မ ၃၄ တွင် ငြိမ်ဝပ်ပိပြား ရေး နှင့် သော်လည်းကောင်း၊ ပြည်သူ့ ကိုယ်ကျင့်တရားနှင့် သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် သော်လည်း ကောင်း ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြားပြဌာန်းချက်များနှင့် သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာ သာသနာရေးတွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ် ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိစေရမည်ဟု ပြဌာန်းထားသည်။
သို့သော် ပြည်တွင်း နိုင်ငံရေးအသိုင်းအဝိုင်းများ ကြားတွင် ယုံကြည်ကိုးကွယ်မှု ကွဲပြားကြသည့် တိုင်းရင်းသားလူမျိုး အသီး သီး အနက် ဗုဒ္ဓဘာသာဝင်များမှာ အခွင့်အရေး ပိုမိုရရှိကြောင်း၊ အခြား ဘာသာဝင်များမှာ ဘာသာရေး အခွင့်အရေး နှင့် အသိအမှတ်ပြုမှု မရရှိကြောင်း၊ ခွဲခြား ဆက်ဆံနေသည်ဟူသော ဝေဖန်မှုများ ရှိနေသည်။
ထို့အပြင် ၂၀၁၅ ခုနှစ်က သမ္မတ အမိန့်ဖြင့် ပြဌာန်းထားသည့် မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူး လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကို မြန်မာနိုင်ငံအတွင်း ရှိနေသည့် ဘာသာပေါင်းစုံ အမျိုးသမီးများကို ကိုယ်စားမပြုဘဲ ဗုဒ္ဓ ဘာသာ မြန်မာအမျိုးသမီး တစုတည်းကို ကာကွယ်ပေးရန် ပြဌာန်းထားသဖြင့် ဘာသာခြား အမျိုးသမီးများက ဝေဖန် ထားကြသည်။
ဘာသာရေး အပေါ်တွင် နိုင်ငံရေးအသိုင်းအဝိုင်းမှ ဝေဖန်ချက်များနှင့် ပတ်သက်ပြီး ဦးခွန်ထွန်းရွှေက“အသေးစိတ် အခြေခံ ရမယ့်မူဆိုရင် အသေးစိတ် ဆွေးနွေးကြပါလိမ့်မယ်။ အခုက အသေးစိတ်အဆင့် မဟုတ်သေးတော့ ဒီလို အသေးစိတ် အချက် တွေကို မဆွေးနွေးဖြစ်သေးဘူး”ဟု ပြောဆိုသည်။
ထိုဆွေးနွေးပွဲတွင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ၌ ပြည်နယ်သစ်များ ပေါ်ထွန်းခွင့်ရှိရမည် ဖြစ် ကြောင်း၊ တည်ဆောက်မည့် ပြည်ထောင်စုကို အမျိုးသားအမည် ပြည်နယ်များ၊ ပထဝီဝင် အမည် ပြည်နယ်များဖြင့် ဖွဲ့စည်း ရမည် ဖြစ်ကြောင်း၊ ပြည်ထောင်စု၏ မည်သည့်နယ်မြေ အစိတ်အပိုင်းမှ ခွဲထွက်ခွင့် မရှိစေရဟူသည့် အချက်များနှင့် ဆက်နွယ်သည့် အခြေခံမူ ၁၂ ချက်ကို သဘောတူညီခဲ့ကြောင်း ဆိုသည်။
ပအို့ဝ် တိုင်းရင်းသားများ၏ ပထမအကြိမ် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက သဘောတူညီ လိုက် သော အချက်များသည် ပအို့ဝ် အားလုံး၏ ဘုံသဘော တူညီချက်ဖြစ်ပြီး အဆိုပါအချက်များကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစုပင်လုံ အစည်းအဝေးများ၌ ဆွေးနွေးနိုင်ရန် အဆင့်ဆင့် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကသာ NCA ပါ မူဘောင်များအရ ဆွေးနွေး ကျင်းပခွင့် ရခြင်း ဖြစ်သည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ လူမျိုးကိုအခြေခံပြီး နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝ သယံဇာတ စသည့် ကဏ္ဍ ၅ ရပ်အလိုက် ဆွေးနွေး ထားချက်များကို ပြည်ထောင်စု အဆင့်၌ ဆွေးနွေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး အဖွဲ့ထံသို့ ပေးပို့ပြီး ထိုမှတဆင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပေးထားသော ပြည်ထောင်စုအဆင့် ကဏ္ဍ ၅ ရပ်အလိုက် ဖွဲ့စည်းထားသည့် လုပ်ငန်း ကော်မတီများတွင် ဆွေးနွေးသွားမည် ဖြစ်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ အတွင်းရေးမှူး အဖွဲ့ ဒုဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းက “အမျိုးသား အဆင့် က ရလာတဲ့ မူဝါဒ ပိုင်းဆိုင်ရာတွေကို လုပ်ငန်းကော်မတီက ပြန်စုစည်းမယ်။ လုပ်ငန်းကော်မတီက ရတဲ့အမြင်တွေ အဆိုပြုချက်တွေကို ပြန်ဆွေးနွေးမယ်။ အတတ်နိုင်ဆုံး အားလုံးက လက်ခံနိုင်တဲ့ မူတွေကို ချမှတ်ရမှာပေါ့။ လက်မခံကြရင် တော့ ဆက်ဆွေးနွေးပေါ့”ဟု ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူးအဖွဲ့က အဆိုပါ အချက်များကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ အစည်းအဝေးများ၌ ညီလာခံကိုယ်စားလှယ် အစုအဖွဲ့များဖြင့် ပြန်လည် ဆွေးနွေးသွားကြမည်ဟု ဆိုသည်။
ပအို့ဝ် တိုင်းရင်းသားများ၏ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် (PNO) ၊ ပအို့ဝ် ပါတီ အဖွဲ့အစည်းများ၊ ပအို့ဝ်စာပေ ယဉ်ကျေးမှု အပါအဝင် လူထုအခြေပြု အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁,၁၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။