သတင်း

အသက်ရှင်နေသမျှ ပညာသင်ယူကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

အသက်ရှင်နေသမျှ ပညာသင်ယူကြပါဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နေပြည်တော် MICC – 2 တွင် ကျင်းပသည့် အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁) စတင် ဆောင်ရွက်ခြင်း အခမ်းအနားတွင် တိုက်တွန်းလိုက်သည်။

“လူကြီးများဟာလည်း မိမိတို့အနေနဲ့ ဘယ်တော့မှ ပညာပြည့်စုံတယ်လို့ မရှိနိုင်ဘူး။ တသက်တာ အသက် ရှင်နေ သရွေ့တော့ ပညာဆက်ပြီးတော့ ရှာရမယ်ဆိုတဲ့ စိတ်ဓာတ် မွေးမြူဖို့ လိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

အရည်အသွေး ရှိသော အမျိုးသား ပညာရေးစနစ်၏ အကျိုးသက်ရောက်မှုများကို အပြည့်အဝ သိရှိနားလည် စေရန် အစိုးရက အမျိုးသား မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁) ကို အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁)သည် လာမည့် ၅ နှစ် ကာလအတွင်း ပညာရေး စနစ် တခုလုံုးကို ပြုပြင်ပြောင်းလဲပေးမည့် ဘက်စုံလွှမ်းခြုံသော အထောက်အထားများ အပေါ်တွင် အခြေပြု ထားသည့် လမ်းပြမြေပုံ တခုဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယင်းစီမံကိန်း အနှစ်ချုပ် စာအုပ်တွင်လည်း ပြောဆို ထားသည်။

လာမည့်နှစ်များအတွင်း အစိုးရ၏ အဓိက ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများအနက် ဝေးလံဒေသများတွင် ရှိသော ကလေးများအပါအဝင် ကလေးများ အားလုံးအတွက် ကစားခြင်းကို ဗဟိုပြုသည့် အရည်အသွေးရှိ၍ ကျန်းမာရေးနှင့် ညီညွှတ်သော မူကြိုနှင့် သူငယ်တန်း ပညာရေးကို ဦးစားပေး အကောင်အထည်ဖော်မည် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း၏ ရည်မှန်းချက်ပန်းတိုင်မှာ ကျောင်းများနှင့် ပညာသင်ယူရာ ဌာန အားလုံးတွင် ကျောင်းသား၊ ကျောင်းသူ အားလုံး၏ သင်ယူတတ်မြောက်မှုများ သိသာစွာ တိုးတက် လာရေးကို ဦးတည်ပြီး သင်ကြားသင်ယူမှု၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး၊ သုတေသနနှင့် ဆန်းသစ် တီထွင်ရေးတို့ကို ဖြစ်ပေါ်လာစေရန် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးကလည်း ယနေ့ အခမ်းအနားတွင် ပြောသည်။

“ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေး၊ ကျောင်းနေမြဲရေး၊ အခြေခံပညာ မူလတန်း ပြီးမြောက် ရေး၊ ထိုမှတဆင့် အလယ်တန်း၊ အထက်တန်း ဆက်လက် သင်ယူ ပြီးမြောက်ရေးတို့ကို အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်”ဟု ဒေါက်တာ မျိုးသိမ်းကြီးက ပြောဆိုသည်။

ကျောင်းသားများ၊ လူငယ်များ၊ အရွယ်ရောက်သူများ ဘဝတသက်တာ ပညာသင်ယူမှုတွင် အခက်အခဲများ မရှိ စေရန် နိုင်ငံတော်က ဦးဆောင်ပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းအရ တတ်နိုင်သမျှ ပံ့ပိုးမှုများ ပေးရန် အရေးကြီးသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

“ပညာရေး မူဝါဒများ ချမှတ်ပြီးတော့ အကောင်အထည်ဖော်တဲ့ ပုဂ္ဂိုလ်များ အားလုံးဟာ ကျမတို့ရဲ့ နိုင်ငံသူ နိုင်ငံသား များ အားလုံးကြားမှာ အသက်ကြီး အသက်ငယ်မရွေး သင်ယူချင်တဲ့ စိတ်များ ပေါ်လာအောင်လို့ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

ဘဝ တသက်တာ ဆက်၍ သင်နိုင်၊ ကြားနိုင်သော စိတ်ဓာတ်၊ သင်ပေးနိုင်သော စိတ်ဓာတ် ရှိသူများမှ သာလျှင် အသင်ခံရမည့်သူများလည်း ယခုလိုစိတ်ဓာတ်မျိုးများ ပွားလာမည် ဖြစ်ကြောင်း၊ ကိုယ်တိုင် တတ်ချင်၊ သင်ချင်သည့် ဆရာ၊ ဆရာမများက ယခု စီမံကိန်းများကို ဦးဆောင် လမ်းပြရန် လိုကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

“ပညာရေးစီမံကိန်းများကို အကောင်အထည်ဖော်တဲ့ ပုဂ္ဂိုလ်များ အားလုံးဟာ မိမိတို့ ကိုယ်တိုင် သင်ယူစရာ အများကြီး ရှိသေးတယ် ဆိုတဲ့ စိတ်ဓာတ်ကတော့ မွေးမြူဖို့ အင်မတန် အရေးကြီးပါတယ်။ ငါတို့အားလုံး တတ်ပြီ။ ငါတို့အားလုံး သိပြီလို့ ထင်တဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်လိုမှဆက်ပြီး သင်ယူလို့ မရပါဘူး”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆို သွားသည်။

ထို့ကြောင့် ပညာရေးသည် ဆင်းရဲမွဲတေမှုကို လျှော့ချ၍ သာတူညီမျှမှုကို ရှိစေခြင်း၊ မိသားစု ဝင်ငွေ မြင့်မား စေခြင်း၊ တဦးချင်းစီနှင့် မိသားစု ကျန်းမာရေး မြှင့်တင်ပေးခြင်း၊ လူမှုအဖွဲ့အစည်းများကို အားဖြည့်ပေးခြင်း၊ ငြိမ်းချမ်းရေးကို ရေရှည်တည်တံ့ ခိုင်မြဲစေခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်းတို့ဖြင့် အမျိုးသား စည်းလုံး ညီညွှတ်ရေး တည်ဆောက်မှု လုပ်ငန်းများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ဟု စီမံကိန်းအနှစ်ချုပ် စာအုပ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည် က ရေးသားထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading