စစ်ကိုင်းတိုင်း ဒေသကြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ တင်းမာမှုများ ပြန်လည်ဖြစ်ပွားနေသည့် လက်ပံတောင်းတောင် ဒေသခံများနှင့် စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့ ဖေဖော်ဝါရီ ၂၅ ရက်တွင် တွေ့ဆုံညှိနှိုင်းမည် ဖြစ်ကြောင်း ဆားလင်းကြီး မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင်က အတည်ပြုပြောကြားသည်။
“စနေနေ့ကို သူတို့ တောင်းဆိုချက်အရ တွေ့ဆုံပြီးတော့ သူတို့ဒီဟာကို ပြောဆို အဖြေရှာမယ်။ တွေ့ဆုံဆွေးနွေးမှုကြောင့် ပြေလည်လာမှာပါ” ဟုု ဒေါက်တာ သိန်းနိုင်က ပြောသည်။
ဒေသခံများကလည်း ဝန်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် မြေယာများ သိမ်းဆည်းခံထား ရသဖြင့် ထွန်ယက်စိုက်ပျိုးနိုင်ခြင်း မရှိသဖြင့် သီးနှံလျော်ကြေးများ၊ တောင်သူနစ်နာကြေးများကို တောင်းဆို သွားမည်ဖြစ်ကြောင်း ဒေါ်ရီရီဝင်းက ပြောသည်။
၎င်းက “တောင်သူလယ်သမားတွေက မြေယာလုပ်မစားနိုင်တဲ့အတွက် တောင်သူနစ်နာကြေးဆိုပြီး တောင်းဆိုမယ်။ သူတို့ပစ္စည်းတွေ သိမ်းတဲ့အခါကျတော့ ခဏခဏ လာပြီးတော့ ညှိနိူင်း ဆွေးနွေးတယ်။ ဒေသခံတွေရဲ့ မြေယာတွေ နှစ်နဲ့ချီပြီး သိမ်းထားတာ ဒေသခံတွေ ဘယ်လိုနေလဲကျတော့ ဘယ်အရာရှိ ၊ ဘယ်အာဏာပိုင်၊ ဘယ်ကုမ္ပဏီ အဖွဲ့အစည်း ကမှ လာပြီးတော့ မေးမြန်းခြင်းမရှိဘူး။ တောင်သူလယ်သမားတွေက ငတ်ပြတ်နေတဲ့ ဘဝကို ရောက်နေပြီ” ဟု ဆိုသည်။
ဝမ်ပေါင် ကုမ္ပဏီ မှ ကြေးသယ်ယာဉ် ၂ စီး၊ မြန်မာယန်စီ ကုမ္ပဏီမှ ကြေးသယ်ယာဉ် ၃ စီး တို့ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က သီးနှံလျော်ကြေး မရသဖြင့် ဟုဆိုကာ ပိတ်ဆို့ တားဆီးရာမှ တင်းမာမှုများ ဖြစ်ပွားသဖြင့် တားဆီးထားသည့် ကြေးသယ်ယာဉ် ၅ စီးကို ပြန်လည်လွှတ်ပေးရန် ဆွေးနွေးရာတွင် ဒေသခံများက ၃ စီးသာ လွှတ်ပေးမည်ဟု ပြန်လည် တုံ့ပြန်ထားသည်။
ဝန်ကြီးချုပ်နှင့် တွေ့ဆုံညိနှိုင်းရမည်ဖြစ်သော်လည်း ပြေလည်မှုရရှိရန် ယုံကြည်မှုအပြည့်အ၀ မရှိကြောင်း၊ လက်ပံတောင်း ဒေသခံ တောင်သူများ အနေဖြင့် မြေယာများကို လုပ်ကိုင် စားသောက်ခွင့် မရသဖြင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အဘက်ဘက်မှ ယိုယွင်းနေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်၊ ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ဖေဖော်ဝါရီလ ၂၂ ရက်က တကြိမ်၊ ယနေ့တွင်လည်း ထပ်မံ ဆွေးနွေးနေသော်လည်း အဓိကရုဏ်း နှိမ်နင်းသည့် ရဲတပ်ဖွဲ့များနှင့် မီးသတ်ယာဉ်များ ရောက်ရှိနေမှု အပေါ် ဒေသခံများက မကျေနပ်ကြောင်း သိရသည်။