သတင်း

ပဲခူးတိုင်း ဝန်ကြီးချုပ်ကို ကန့်ကွက်ရှုတ်ချပွဲ ဒေသခံများ ပြုလုပ်

Want create site? Find Free WordPress Themes and plugins.

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့ ၄၄ လမ်းကို ဖြတ်ကာ ၁၁ ကေဗွီ ဓါတ်အားလိုင်း သွယ်တန်းမည့်အပေါ် ဒေသခံများ ကန့်ကွက်သည့်ကြားမှ ခွင့်ပြုခဲ့သည့် ပဲခူးတိုင်းဝန်ကြီးချုပ် အပါအဝင် ပေါင်းတည်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် ပြည်ခရိုင် NLD ဥက္ကဋ္ဌတို့ကို ဒေသခံများက ကန့်ကွက်ရှုတ်ချပွဲ ယနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့သည်။

“ကျနော်တို့လက်မခံတာက မဟာဓာတ်အားလိုင်းကြီး အောက်ကနေ ကျနော်တို့ ၄၄ လမ်း အတွက် ၁၁ ကေဗွီ တလိုင်း ပေးထားတယ်။ အဲဒီလိုင်း သွယ်တန်းထားတဲ့ ဓာတ်တိုင်ကနေ နောက်ထပ် ၁၁ ကေဗွီ ဓာတ်ကြိုး ဘုရားငါးဆူ အုပ်စု၊ ကြွယ်လုလင်ကျေးရွာအတွက် သွယ်တန်းမယ်ဆိုတာ အတော်ကို အန္တရာယ်များနေလို့ လက်မခံနိုင်တာပါ” ဟု ဒေသခံ ကိုကျော်မင်းက ပြောသည်။

ဆက်လက်၍ ၎င်းက “အဲဒါကို လွှတ်တော်ကိုယ်စားလှယ် ဦးရဲလင်းနိုင်ရဲ့ ဖေ့စ်ဘုတ်မှာ ပဲခူးတိုင်း ဝန်ကြီးချုပ်က ဘတ်ဂျက်လ မကုန်ခင် ဆက်လက်တည်ဆောက်ပါ။ ကန့်ကွက်ပါက ဥပဒေအရ အရေးယူဆောင်ရွက် ဆိုပြီးရေးထားတယ်။ တဖက်သတ် ဖိအားပေးပြီးတော့ အခုလိုလုပ်သွားတာကို မကျေနပ်လို့ ကန့်ကွက်တာ ဖြစ်ပါတယ်။” ရှင်းပြသည်။

ကန့်ကွက်ခံရသူ တဦးဖြစ်သည့် ပေါင်းတည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲလင်းနိုင်က ဒီမိုကရေစီ အခွင့်အရေးအရ လွတ်လပ်စွာ ကန့်ကွက်ရှုတ်ချနိုင်ကြောင်း၊ တိုင်းဒေသကြီး အစိုးရက ငါးဆူရွာ အုပ်စု၊ ကြွယ်လုလင် ကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် ၂၀၁၆- ၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ် အတွက် ကျပ် ၄၆၅ သိန်း အသုံးပြုရန် ချပေးထားပြီး ဘတ်ဂျက်ကို မတ်လ မကုန်မီ အသုံးပြုရမည်ဖြစ်ကြောင်း၊ စီမံကိန်း အတွက် ဒေသခံများနှင့် ညှိနှိုင်း ဆောင်ရွက်နိုင်ရန် ပဲခူးတိုင်း ဝန်ကြီးချုပ်က ပြည်ခရိုင်အုပ်ချုပ်ရေးမှူးကို ညွှန်ကြားထားကြောင်း ပြောပြသည်။

“စီမံကိန်းဆောင်ရွက်တယ် မဆောင်ရွက်ဘူးဆိုတာ ဥပဒေနဲ့အညီဆောင်ရွက်ဖို့ပဲလိုအပ်တယ်။ ကျေးရွာတရွာ မီးအား အပြည့်အဝ ရရှိဖို့အတွက် ကျနော်တို့မှာ တာဝန်ရှိပါတယ်။ ဒါကြောင့် ပြည်သူလူထုရဲ့ နစ်နာမှုကို ထည့်သွင်း စဉ်းစားရမယ်။ ဘာတွေနစ်နာတယ် ဆိုတဲ့ အပိုင်းကို ပြန်ညှိရမှာပေါ့။” ဟု ဦးရဲလင်းနိုင်က ရှင်းပြသည်။

အဆိုပါ ကန့်ကွက်ရှုတ်ချပွဲကို ပေါင်းတည်မြို့ ၄၄ လမ်း ဆွမ်းလောင်းရုံတွင် ပြုလုပ်ခဲ့ကာ ဒေသခံပြည်သူ ၅၀ ကျော် တက်ရောက်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading