အစိုးရသစ်လက်ထက် လွှတ်တော်သက်တမ်း တနှစ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်ကိုယ်စားလှယ် ၁၅၀ ခန့်ကို တိုင်ကြားမှုများ လက်ခံရရှိထားကြောင်း NLDပါတီ လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာဌာနမှ သတင်းရရှိသည်။
တိုင်ကြားစာဌာန ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က “တိုင်စာ ၂၄၀ လောက်ရှိတဲ့အထဲ ကိုယ်စားလှယ် တွေကို တိုင်တာက ၁၅၀ လောက်ရှိတယ်၊ ဒါတွေကိုစိစစ်နေပြီး တချို့ကို ပြင်းပြင်းထန်ထန် သတိ ပေးတာတွေ ပြုလုပ်ခဲ့တယ်”ဟု ဧရာဝတီကို ပြောသည်။
တိုင်ကြားခံရသည့် အမှုများမှာ ပါတီအမှုဆောင်များနှင့် ကိုယ်စားလှယ်များအကြား အဆင်မပြေမှု များ၊ ဖွံ့ဖြိုးရေး ရံပုံငွေ ကျပ် သိန်း ၁ထောင်အပေါ် စီမံခန့်ခွဲရာတွင် မကျေနပ်မှုများ၊ ပြစ်မှုဆိုင်ရာ ငွေကြေးနှင့် ပတ်သက်သည့် တိုင်ကြားမှုတချို့ ပါဝင်ကြောင်း သိရသည်။
တိုင်ကြားစာများနှင့်ပတ်သက်၍ NLD အနေဖြင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌတို့ကို သီးသန့်စစ်ဆေးခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းကပင် ဦးမင်းမင်းဦးသည် ဝန်ကြီးချုပ်ရာထူးအပြင် ပါတီဝင်အဖြစ်ကပါ နုတ်ထွက်စာတင်ခဲ့သည်။
၂၀၁၆ ခုနှစ်အတွင်းကလည်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း အချင်းချင်း အမှုဖွင့် တိုင်ကြားမှုများနှင့် လူမှုရေးအရှုပ်အရှင်းများ ဖြစ်ပွားခဲ့၍ ၎င်းတို့အား သက်ဆိုင်ရာလွှတ်တော် ကော်မတီမှ ထုတ်ပယ်ခြင်းနှင့် လုပ်ငန်းတာဝန်ရပ်ဆိုင်းခြင်းကဲ့သို့ အရေးယူမှုများ ပြုလုပ်ခဲ့သည်။
တိုင်ကြားမှုတွင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့မှ အများဆုံးပါဝင်နေပြီး ပြည်နယ်များမှ တိုင်ကြားမှုများ နည်းပါးနေခြင်းမှာ တိုင်ကြားဖို့အခက်အခဲများ ရှိခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း ဒေါက်တာမျိုးညွန့်က သုံးသပ်သည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ NLD အနေဖြင့် လေ့လာ သုံးသပ်ရေး ကော်မတီတရပ်ကို ထပ်မံဖွဲ့စည်းထားပြီး ကိုယ်စားလှယ်တဦးချင်းစီ အပေါ် သုံးသပ် ချက်များကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ တင်ပြမည်ဖြစ်ကြောင်း ကော်မတီဝင်တဦးက ပြောသည်။
ကော်မတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်ချက်များအပေါ် တွေ့ရှိ သုံးသပ် မှုများမှာ ပါတီတွင်းစီမံချက်ဖြစ်၍ ပြင်ပသို့သတင်းထုတ်ပြန်မည်မဟုတ်ကြောင်း သိရသည်။
NLD ပါတီသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ်နှင့် တိုင်းရင်းသား ရေးရာ ဝန်ကြီးများအပါအဝင် ကိုယ်စားလှယ်ဦးရေ ၈၈၀ ကျော် အနိုင်ရရှိခဲ့ပြီး ယခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအနက် ၁၈ နေရာတွင် ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းလွှတ်တော် ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ က “လွှတ်တော်ကိုယ်စားလှယ်တွေရဲ့မှားယွင်းမှုကို တိုင်ကြားတာကြိုဆိုပါတယ်၊ ဒါဟာ အပြန်အလှန် ထိန်းကျောင်းတဲ့ သဘောပါပဲ”ဟု ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်မှုများအပေါ် ဥပဒေနှင့်မညီသည့် အကျိုးစီးပွားထိခိုက်မှု များကြောင့် တိုင်းကြားမှုများလည်းရှိနေပြီး ယင်းသို့တိုင်ကြားမှုများအပေါ် နှစ်ဖက် အပြန်အလှန် စိစစ်နိုင်မည့်အခြေအနေတရပ်ကို ဖန်းတီးဖို့လိုအပ်ကြောင်းလည်း ဦးညီညီက ဆက်ပြောသည်။