ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များက မြန်မာ့တပ်မတော်ကိုရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များကိုပါ ကျေနပ်မှုမရှိကြောင်းနှင့် ဒေါသဖြစ်ရကြောင်း ပြောသည်။ ပဋိပက္ခ စတင်ခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်မှ စတင်၍ ၂ ဘက်လုံးက သူတို့ကို အနိုင်ကျင့် နှိပ်စက်ခဲ့ကြသည်ဟု ဆိုသည်။
“ကျနော်တို့ ရွာသားတွေက ကျွဲ ၂ ကောင်ခတ်တဲ့ကြားက မြေစာပင်လို ဖြစ်လာခဲ့တယ်” ဟု မန်တုံမြို့နယ် မိုင်းမောရွာမှ ကချင်တိုင်းရင်းသား တဦးဖြစ်သည့် ဘရန်မိုင် ကပြောသည်။ လက်နက်ကိုင်အဖွဲ့အားလုံးကို မုန်းသည်ဟု ဘရန်မိုင်ကပြောသည်။ မြန်မာ့တပ်မတော်ကိုလည်း ကျေးရွာများ၏ အပြင် ဘက်တွင် မတိုက်ခိုက်သည့် အတွက် သူက မုန်းသည်။
“သူတို့က တောထဲမှာ သွားမတိုက်ဘူး။ သူတို့က ကျနော်တို့ နေတဲ့ရွာထဲမှာပဲ လာပစ်ကြတယ်။ တကယ်လို့ သူတို့မှာ သတ္တိ ရှိတယ်ဆိုရင် သူတို့ ရွာအပြင်မှာ ဒါမှမဟုတ် တောင်တွေပေါ်မှာပဲ တိုက်ရမယ်။ အဲဒါဆို ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး” ဟု သူက ပြောသည်။
ဘရန်မိုင်က နမ္မတူမြို့ရှိ စစ်ရှောင်ဒုက္ခသည်စခန်းတခုတွင် ခိုလှုံရန်အတွက် နေအိမ်နှင့် ယာခင်းကို စွန့်ပစ်ထွက်ပြေးလာ ရသည့် မန်တုံမြို့နယ်မှ ရွှေ့ပြောင်းဒုက္ခသည်များစွာ ထဲမှ တဦးဖြစ်ပါသည်။ သူတို့ မည်သည့်အချိန်တွင် အိမ်သို့ပြန်နိုင် မည် ဆိုသည်ကို ရွှေ့ပြောင်းဒုက္ခသည်များ မသိကြပါ။ “စစ်တပ်တွေ တိုက်ခိုက်နိုင်တဲ့နေရာမှာ စပါးခင်းတွေလည်း အများ ကြီး ရှိတယ်။ သူတို့မှာ သတ္တိရှိတယ်ဆိုရင် သူတို့ကို တဖွဲ့နဲ့တဖွဲ့ တိုက်ခိုင်းလိုက်ပါ။ ဒါပေမယ့် သူတို့မှာ သတ္တိမရှိဘူး။”
နောက်ဆုံးရရှိသည့် သတင်းများအရ နမ္မတူမြို့ရှိ စစ်ရှောင်ဒုက္ခသည် စခန်းတွင် နေထိုင်သည့် အရပ်သား ဒုက္ခသည် ၉၂၃ ဦး ရှိသည်။ အဆိုပါ ဒုက္ခသည်များထဲတွင် ရှမ်း၊ ကချင်၊ လီဆူး နှင့် (ပလောင်ဟု သိကြသည့်) တအာင်း တိုင်းရင်းသားများ ပါဝင်ကြသည်။
အချို့ဒုက္ခသည်များမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် မြန်မာ့တပ်မတော်တို့၏ ၁၄ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြားပြီး တိုက်ပွဲများ ပြန်လည် စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် ကထဲက စခန်းသို့ ရောက်ရှိနေ ခြင်း ဖြစ်သည်။ ပြီခဲ့သော နှစ်က ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်တောင်ပိုင်း (RCSS) တို့ ကြားတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ ချိန်တွင် နမ္မတူ ဒုက္ခသည် စခန်းသို့ ဒုက္ခသည်များ အမြောက်အများ နောက်တကြိမ် ရောက်ရှိလာခဲ့ကြသည်။
အသက် ၄၆ နှစ် အရွယ် ရှမ်းတိုင်းရင်းသား တယောက်ဖြစ်သည့် ဦးစိုင်းစံအေးက မန်တုံမြို့နယ် မန်းနားကျေးရွာမှ ထွက်ပြေးလာခဲ့ရသူ တဦး ဖြစ်သည်။ RCSS နှင့် TNLA တပ်သားများက ကျေးရွာနေပြည်သူများကို သူတို့ သွားလိုရာ သို့ လိုက်ပို့ရန် အတင်း စေခိုင်းခဲ့ကြောင်း ပြောပြသည်။
“TNLA တွေ ရွာထဲကို ရောက်လာတိုင်း သူတို့က ကျနော်တို့ကို သူတို့သွားချင်တဲ့နေရာကို ဆိုင်ကယ်နဲ့ အတင်းလိုက်ပို့ ခိုင်း တယ်။ သူတို့က ကျနော်တို့ မော်တော်ဆိုင်ကယ်က မီးကောင်းလား မကောင်းဘူးလားဆိုတာ ဂရုမစိုက်ဘူး။ တခါတလေ ကျနော်တို့ကို တညလုံး ဆိုင်ကယ်မောင်းခိုင်းတယ်” ဟု ဦးစိုင်းစံအေး ကပြောသည်။
ရှမ်းတွေ(RCSS) ကတော့ ဆိုင်ကယ် ရှေ့မီးမကောင်းရင်း အတင်းမောင်း မခိုင်းပါဘူး။ ပလောင်တွေကတော့ ကျနော်တို့က ဆိုင်ကယ် ရှေ့မီးတွေ မကောင်းဘူးဆိုတာ သူတို့ကို ရှင်းပြချင်တယ်။ ဒါပေမယ့် သူတို့စကားကို ကျနော်တို့ မပြောနိုင်ဘူး။ ဒါကြောင့် သူတို့က ကျနော်တို့ကို သွားဖို့ပဲ ခိုင်းတော့တာပဲ” ဟု သူက ရှင်းပြသည်။
“တကယ်လို့ တယောက်ယောက်က မောင်းပို့ပေးဖို့ ငြင်းတယ်ဆိုရင် သူတို့က ရွာသားတွေကို ရိုက်လိမ့်မယ်။ ကျနော်က တော့ သူတို့ ကျနော့်ကို မောင်းခိုင်းတိုင်း မောင်းပေးလိုက်တာပဲ။ ဒါကြောင့် ကျနော် အရိုက် မခံရဘူး။ တကယ်လို့ သူတို့က ရိုက်ပြီဆိုရင် အရမ်းနာအောင် ရိုက်လိမ့်မယ်” ဟု ဦးစိုင်းစံအေးက ပြောသည်။
လက်နက်ကိုင် ပဋိပက္ခတွင် ၂ ဘက်လုံးက အရပ်သားများအပေါ် ရက်စက်စွာပြုမူခဲ့သည်ဟု သူက စွပ်စွဲသည်။
“တကယ်လို့ တဘက်ထဲကပဲ ဆိုးတယ်ဆိုရင် ဒီပြဿနာတွေ ရှိမှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ ၂ ဘက်လုံးက ဆိုးတယ်” ဟု သူကပြောသည်။
နမ္မတူမြို့က စစ်ရှောင်ဒုက္ခသည်များအတွက် အဓိကနေရာ ဖြစ်လာခြင်းမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး သွားလာရ လွယ်ကူသောကြောင့် ဖြစ်သည်။
စစ်ရှောင်ဒုက္ခသည်များက နမ္မတူမြို့တွင် တိုင်းရင်းသား လူမျိုးစုအလိုက် ကိုယ့်ဖာသာ သီးခြားစီ နေထိုင်ကြသည်။ ရှမ်း နှင့် တအာင်း များက ဒေသခံဘုန်းတော်ကြီး ကျောင်းများတွင် နေထိုင်ကြပြီး ကချင်တိုင်းရင်းသားများက အနီးအနားရှိ ခရစ်ယန် ဘုရားရှိခိုးကျောင်းများတွင် နေကြသည်။ လီဆူး တိုင်းရင်းသားများကလည်း သီးခြားနေရာတခုတွင် နေထိုင်ကြ သည်။ နမ္မတူမှ စစ်ရှောင် ဒုက္ခသည်များက အစားအစာလုံလောက်မှု မရှိကြောင်း ပြောကြသည်။ အများစုမှာ အလုပ် အကိုင် မရှာဖွေနိုင်ကြကြောင်း ပြောသည်။
“ကျနော်တို့ကို အလုပ်လုပ်ဖို့ လာငှားတဲ့သူ မရှိဘူး။ ဒုက္ခသည်စခန်းမှာ နေနေတဲ့ ကျနော်တို့ အတွက် အဲဒါက အရမ်း ခက် ခဲပါတယ်” ဟု ဦးစိုင်းစံအေးက ပြောသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့က ပဋိပက္ခစတင်ခဲ့ပြီး များမကြာမီတွင် နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများက စခန်းသို့ ရိက္ခာများ ထောက်ပံ့ခဲ့ကြသည်။ သို့သော် ထောက်ပံ့မှုများ ယခု ရပ်ဆိုင်းသွားပြီဟု ဆိုသည်။
“ကျနော်တို့က အလှုအပေါ်မှာ မှီခိုနေရတာ။ ကျနော်တို့က သူတို့ဆီက ရတဲ့ဟာ စားရတယ်။ ဒါပေမယ့် တကယ်လို့ အကူ အညီလာနေတာ ရပ်သွားရင် ကျနော်တို့မှာ အစားအစာ ရှိတော့မှာ မဟုတ်ဘူး” ဟု ဦးစိုင်းစံအေး ကပြောသည်။
နမ္မတူမှ စစ်ရှောင် ဒုက္ခသည်စခန်းသို့ ဦးစိုင်းစံအေး ရောက်ရှိနေသည်မှာ ၇ လ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူ၏ အိမ်ရှိရာ မန်း နားကျေးရွာတွင် လုံခြုံမှုမရှိသေးသည့် အတွက် မပြန်နိုင်သေးကြောင်းလည်း သူကပြောသည်။
“အဲဒီမှာ TNLA စစ်သားတွေ ရှိတုန်းပဲ။ တကယ်လို့ ကျနော်တို့ ပြန်သွားရင် လုံခြုံမှာ မဟုတ်ဘူး။ သူတို့က ရွာထဲမှာ တွေ့တဲ့ သူတိုင်းကို ဖမ်းလိမ့်မယ်။” ဟု သူကပြောသည်။ တခါတရံ မြန်မာ့တပ်မတော်ကလည်း ရွာကို ကင်းလှည့်လေ့ရှိသည်ဟု လည်း ဆိုသည်။
ယခုအခါတွင် မန်းနားကျေးရွာတွင် အရပ်သား တဦးသာ ကျန်ရစ်ခဲ့သည်။ ထွက်ပြေးရန် ညင်းဆန်ခဲ့သော အသက် ၇၀ အရွယ်ရှိ သီလရှင် တပါးဖြစ်သည်။
“ကျနော်တို့နဲ့ အတူ ထွက်ပြေးဖို့ ကျနော်တို့ခေါ်ခဲ့ပါတယ်။ ကျနော်တို့ သူ့ကို သယ်သွားလို့ရတယ်။ ဒါပေမယ့် သူက ထွက် မပြေးချင်ဘူး။ သူ့ ပစ္စည်းတွေကို စိုးရိမ်နေတယ်။” ဟု ဦးစိုင်းစံအေးက ပြောသည်။
ပဋိပက္ခ မတိုင်မီက ဦးစိုင်းစံအေး ယာတခင်းပိုင်ဆိုင်ခဲ့ပါသည်။ သူ၏ တောင်ပေါ်ဥယျာဉ်တွင် ပဲ၊ ပြောင်း နှင့် ဆန်များ စိုက်ပျိုးခဲ့သည်ဟု သူက ပြောသည်။
“အခု ဒုက္ခသည် စခန်းမှာတော့ ကျနော်တို့ ဘာမှ မပိုင်ဘူး။ ကျနော်တို့မှာ အခက်အခဲတွေ အများကြီး ရှိတယ်။ ကျနော် တို့ ဒီမှာ မြေမရှိဘူး။ ဒီတော့ ဒီမှာ စားဖို့သောက်ဖို့ အတွက် စိုက်စရာ မရှိဘူး။” ဟု ဦးစိုင်းစံအေးက ပြောသည်။
“တကယ်လို့ စခန်းက ဂိုထောင်မှာ အစားအစာတွေ ကုန်သွားမယ်ဆိုရင် ကျနော်တို့ ဘာလုပ်ရမလဲ မသိတော့ဘူး။”