“ဝ” ပြည် သွေးစည်း ညီညွှတ်ရေး ပါတီ (UWSP) ဥက္ကဋ္ဌ ပေါက်ယူချန်းက အစိုးရ ပြုလုပ်နေသော ငြိမ်းချမ်းရေး ဖြစ်စဉ် တခုလုံးကို ပြန်လည်သုံးသပ်ပြီး ငြိမ်းချမ်းရေး လမ်းစဉ်သစ်ကို ရှာကြံရန် ပြောဆိုလိုက်သည်။
UWSP ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့တွင် ကျင်းပနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိပ်သီး အစည်း အဝေး တွင် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
“ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) က အစိုးရနှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘော တူ စာချုပ်(NCA) လက်မှတ်မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်ပြီး ဖေဖော်ဝါရီလ ၂၂ ရက် နေ့ က စ၍ အစည်းအဝေး ကျင်းပလျက်ရှိရာ ထိုအစည်းအဝေး ပထမနေ့ အဖွင့် မိန့်ခွန်းတွင် ပေါက်ယူချန်း က အထက်ပါ အတိုင်း ထည့်သွင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
UWSP ဥက္ကဋ္ဌ ပေါက်ယူချန်း က “တိုင်းရင်းသား အဖွဲ့အစည်းများမှ ကျင်းပသော ဤထိပ်သီး အစည်းအဝေး သည် ငြိမ်းချမ်းရေး ဖြစ်စဉ်တခုလုံးကို ပြန်လည်သုံးသပ်ပြီး ငြိမ်းချမ်းရေး လမ်းစဉ်အသစ်ကို ရှာကြံရန်ဖြစ်ပါ သည်” ဟု ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား ၁၉၉၃ ခုနှစ်မှ စတင်ခဲ့သည့် အမျိုးသား ညီလာခံမှစ၍ ယနေ့ အထိ အမျိုးမျိုးသော ဆွေးနွေးညှိနှိုင်းမှုများသည် အမျိုးမျိုးအဖုံဖုံဖြင့် မျက်စိလည်စရာ ဖြစ်ခဲ့ရကြောင်း၊ စစ် အစိုးရ ခေတ်တွင် ဖြစ်စေ၊ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပြည်ထောင်စု အစိုးရခေတ်တွင်ဖြစ်စေ တိုင်းရင်းသားများ ကြား ဖြစ်ပေါ်နေသော ပြဿနာ ကို မဖြေရှင်းနိုင်သကဲ့သို့ ပြည်တွင်းစစ်ကိုလည်း အဆုံးမသတ်နိုင်ခဲ့ကြောင်း UWSP ဥက္ကဋ္ဌ ပြောဆိုသည်။
အလားတူ အစိုးရ ဆွေးနွေးနေသော NCA သည် ယခုထက်တိုင် အဖြေမပေါ်ပေါက်ခဲ့ကြောင်း၊ NCA ဆွေးနွေးခြင်းကြောင့် ပြင်းထန်သော စစ်ပွဲများကိုလည်း ရပ်တန့်နိုင်ခဲ့ခြင်း မရှိကြောင်း၊ အစိုးရသစ်က NCA အောင်မြင်ရန် ကြိုးစားနေချိန်နှင့် ၂၁ ရာစု ပင်လုံ ဒုတိယ အကြိမ်မတိုင်မီ ယခုထိပ်သီး အစည်းအဝေးသည် “ငြိမ်းချမ်းရေး လမ်းစဉ်သစ်” ရှာရန် ဖြစ်သည်ဟု လည်း ဆိုသည်။
ပန်ဆန်း ထိပ်သီးအစည်းအဝေးသို့ UWSA အပါအဝင် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) ၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA) ၊ ရက္ခိုင့် တပ်မတော်(AA) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရ သည်။
ဖိတ်ကြားထားသည့် အဖွဲ့ ၁၀ ဖွဲ့အနက် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) နှင့် မွန်ပြည်သစ် ပါတီ (NMSP) တို့သည် ထိုင်းအစိုးရဘက်မှ လုံခြုံရေး တာဝန်ယူရန် အာမခံ မပေးနိုင်သောကြောင့် မတက်ရောက်နိုင်ကြောင်း သိရသည်။
ပန်ဆန်း ထိပ်သီးအစည်းအဝေးတွင် အဓိကထား ဆွေးနွေးမည့် အချက်များမှာ ပင်လုံစိတ်ဓာတ်၏ အတွင်းသဘောမှာ အဘယ်နည်း၊ နိုင်ငံရေးဆွေးနွေးမှုတွင် အချို့သော အဓိကကျသည့် အဓိပ္ပာယ် သတ်မှတ် ဖွင့်ဆိုခြင်းကိစ္စ၊ ငြိမ်းချမ်းရေး စာချုပ် အဆင့်သုံးဆင့်နှင့် NCA အပေါ် ရပ်တည်ချက်ညှိနှိုင်းရေးကိစ္စ၊ နောက်နောင် မြန်မာတို့နှင့် နိုင်ငံရေးဆွေးနွေး ကြ မည့် နည်းဗျူဟာများ ကိစ္စများ ဖြစ်ကြောင်း သိရသည်။
NLD အစိုးရ တက်လာပြီးနောက် တိုင်းရင်းသား အဖွဲ့အစည်းများကို “ပင်လုံစိတ်ဓာတ်” ဖြင့် တိုက်တွန်းနှိုးဆော်ခဲ့သကဲ့သို့ ညီလာခံကိုလည်း ၂၁ ပင်လုံ ဟု သုံးနှုန်းခဲ့ကြောင်း၊ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် က “ပင်လုံစိတ်ဓာတ်” ကို ယနေ့တိုင် ဝေဝေဝါးဝါး ပြောဆိုကြောင်း၊ ပန်ဆန်း အစည်းအဝေးတွင် “ဝ” အဖွဲ့မှ တင်ပြသည့် “ပင်လုံစိတ်ဓာတ်” ၊ နိုင်ငံရေး အဓိပ္ပာယ် ဖွင့်ဆိုချက်ကို နမူနာအဖြစ် ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ပေါက်ယူချန်း ကပြောသည်။
နိုင်ငံရေး ဆွေးနွေးမှုတွင် ဒီမိုကရေစီအရေး၊ တန်းတူရေး၊ လွတ်လပ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသား ပြည်ထောင်စု စနစ် စသည့် နိုင်ငံရေး ဝေါဟာရများကို တိုင်းရင်းသား အဖွဲ့များအနေဖြင့် တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက် မပြုခဲ့ခြင်း ကြောင့် ဤချွတ်ယွင်းချက်ကို အသုံးချခံခဲ့ရကြောင်း၊ “ဝ” အဖွဲ့မှ မြန်မာနိုင်ငံနှင့် ပကတိ အခြေအနေအတိုင်း သင့်လျော် မည့် အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ယခု အစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်ကြောင်းလည်း ပြောဆိုသည်။
ငြိမ်းချမ်းရေး အဆင့်သုံးဆင့်နှင့်ပတ်သက်၍ NCA စာချုပ်သည် လက်တွေ့တွင် NCA ထိုးပြီးအဖွဲ့များ၊ မူကြမ်းတွင် လက်မှတ် ရေးထိုးထားပြီး တရားဝင် လက်မှတ်မရေးထိုးမီ ပြန်လည်ပြင်ဆင်ရန် တောင်းဆိုသော အဖွဲ့များ၊ ငြိမ်းချမ်းရေး အဆင့် သုံး ဆင့် ကိုင်ဆွဲထားသော အဖွဲ့များ အဖြစ် တိုင်းရင်းသား အဖွဲ့များကို အဖွဲ့သုံးဖွဲ့ ဖြစ်ရန် ပိုင်းခြားလိုက်ကြောင်း၊ ထိုအဖွဲ့ သုံးဖွဲ့ ကြား ရပ်တည်ချက် တူညီရန် ဖြေရှင်းရမည်ဖြစ်ကြောင်းလည်း ဆိုသည်။
အစိုးရနှင့် အနာဂတ်တွင် နိုင်ငံရေး ဆွေးနွေးကြမည့် နည်းဗျူဟာများတွင် မြန်မာအစိုးရသည် အမြဲတမ်းပင် ဆွေးနွေးဖက် ပေါ် မူတည်၍ မိမိတို့အကျိုးရှိစေမည့် ဆွေးနွေးမှုပုံစံကို ရွေးချယ်ကျင့်သုံးကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများကို တစု တစည်းတည်း မဖြစ်ရန် သွေးခွဲနိုင်ခဲ့ကြောင်း ထိုကိစ္စနှင့် ပတ်သက်၍ နောင်မဖြစ်ရန် ပန်ဆန်း အစည်းအဝေးတွင် ဆွေးနွေး မည် ဖြစ်သကဲ့သို့ နောင်ဆွေးနွေးပွဲများတွင် မြန်မာအစိုးရကို ဦးဆောင်ဦးရွက် ပြုခြင်းများကို ခွင့်မပေးနိုင်တော့ကြောင်း ဥက္ကဋ္ဌ ပေါက်ယူချန်းက ပြောဆိုထားသည်။
ပန်ဆန်းအစည်းအဝေးသို့ ကိုးကန့်အဖွဲ့ MNDAA နှင့် SSPP/SSA တို့ကလည်း သဝဏ်လွှာများ ပေးပို့ခဲ့ကြပြီး ကိုးကန့် အဖွဲ့ က UWSA ၏ အကြံပြုချက် ၄ ချက်လုံးကို ထောက်ခံကြောင်း ပြောဆိုလိုက်သည်။ အစိုးရနှင့် ဆွေးနွေးပွဲများ အတွက် တိုင်းရင်းသားများ ဘက်မှ တရုတ်အစိုးရက ကြီးကြပ်ပေးရန်အတွက် ကိုးကန့် အဖွဲ့က ထပ်လောင်း အကြံပြုထားသည်ကို တွေ့ရသည်။
ထို့အပြင် ယခုကျင်းပနေသော ပန်ဆန်း အစည်းအဝေးပြီးလျှင် လက်ရှိအစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ လက်ခံနိုင်သော “အပစ်ရပ် စာချုပ်သစ် တရပ် ပြုစုပေးရန်” ဖြစ်ကြောင်း၊ NCA ချုပ်ဆိုလျှင် ၎င်းတို့အနေဖြင့် ငြင်းဆန် ကြောင်း၊ ယင်းသို့ ငြင်းဆန်ခြင်းကြောင့် နိုင်ငံရေးဆွေးနွေးပွဲ တက်လှမ်းရန် ပြစ်ပယ်ခြင်း၊ စစ်ရေးအရ ဖိအားပေးခြင်းနှင့် သင့်လျော်မှု မရှိသော ဖိအားပေးခြင်းများ ရှိလျှင်လည်း ကြံ့ကြံ့ခံမည် ဖြစ်ကြောင်း ကိုးကန့်အဖွဲ့က ဆိုထားသည်။
SSPP/SSA ကလည်း လက်ရှိ မြန်မာနိုင်ငံ၏ အရေးကြီးသော ဝန်ကြီးဌာန ၃ ခုဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ တို့ကို ကာကွယ်ရေးဦးစီးချုပ်က ဆက်လက် ချုပ်ကိုင်နေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အစိုးရက တိုင်းပြည်ကို အုပ်ချုပ်နေခြင်း မဟုတ်ကြောင်း လွှတ်တော်များတွင်လည်း စစ်တပ် ၂၅ ရာခိုင်နှုန်း ရှိနေဆဲဖြစ် သဖြင့် ဒေါ်အောင်ဆန်းစုကြည် ပြင်လိုသော ပုဒ်မ ၄၃၆ နှင့် ၅၉ (စ) တို့ပင် ပြင်နိုင်ခြင်းမရှိကြောင်း ထောက်ပြထားသည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကြွေးကျော်ခဲ့သော ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး တို့သည်ပင် အကောင်အထည် ဖော်နိုင်ရန် မှေးမှိန်လျက်ရှိကြောင်း၊ အလားတူ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးသည်လည်း လမ်းစပျောက်နေကြောင်း ဆိုသည်။
ထို့အပြင် တပ်မတော်သည် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအရ လက်ရှိအစိုးရ၏ ကွပ်ကဲ အုပ်ချုပ်မှု အောက်တွင် မရှိကြောင်း၊ ၎င်းတို့၏ မူလ ရည်မှန်းချက်ဖြစ်သော အာဏာတည်မြဲရေး အတွက် ဒေါ်အောင်ဆန်းစုကြည်၏ မူဝါဒများကို ဆန့်ကျင်ကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် ထိုးစစ်ဆင်လျက်ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က အပျော့နည်းဖြင့် နိုင်ငံရေး မက်လုံးပေး ချော့မြူနေစဉ် တပ်မတော်က အကြမ်းဖက်နည်းဖြင့် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် စစ်ရေး ဖြင့် ဖြိုခွင်းနေကြောင်းလည်း SSPP/SSA က ထောက်ပြထားသည်။