သတင်း

ဦးကိုနီအမှုနှင့် ဆက်စပ်ပြီး အမျိုးသား ၂ ဦး တာမွေမြို့တွင် ဖမ်းဆီးခံရ

Want create site? Find Free WordPress Themes and plugins.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်  စပ်လျဉ်း၍ အမျိုးသားနှစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့တွင် လွန်ခဲ့သည့် ရက်သတ္တပတ်ကျော်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဦးဇေယျာဖြိုး ဆိုသူအား ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က တာမွေလေးရပ်ကွက်တွင် လည်းကောင်း၊ ဦးတင်ထွန်းအောင်ဆိုသူအား ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မာန်အောင်ရပ်ကွက်တွင် လည်းကောင်း ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောကြားသည်။

ဦးဇေယျာဖြိုးကို ဖမ်းဆီးစဉ် ဝန်ထမ်းသက်သေခံကတ် သုံး၊ လေးခု၊ ဦးတင်ထွန်းအောင်ကို ဖမ်းဆီးစဉ် တပ်မတော် ထောက်လှမ်းရေးအကူတပ် အဖွဲ့ဝင် ကတ်ပြား တွေ့ရှိခဲ့သည်ဟု သိရကြောင်း ဦးလှသိန်းက Myanmar Now ကိုု ပြောကြားသည်။

“သူတို့ တွေက ဒီဒေသခံမဟုတ်ဘူး။ ဒီမှာလာပြီး ပုန်းအောင်းနေတာလို့ သိရတယ်” ဟု ဦးလှသိန်းက ဆိုသည်။

၁၉၇၄ တွင် မွေးဖွားခဲ့သော ရန်ကုန်မြို့ဇာတိ ဦးဇေယျာဖြိုးသည် စစ်တက္ကသိုလ်အမှတ်စဉ် ၃၈ ဆင်းဖြစ်ပြီး၊ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့် ဦးဆောင်သော တပ်မတော် ဗဟိုထောက်လှမ်းရေးတပ် ဖျက်သိမ်းမခံရခင် ၂ဝဝ၄ခုနှစ် အောက်တိုဘာလအထိ ဗိုလ်ကြီးအဆင့် ဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဟု သူနှင့်နီးစပ်သူ စစ်ဖက်အသိုုင်းအဝိုင်းက Myanmar Now ကို ပြောဆိုသည်။

“(အခြားထောက်လှမ်းရေးအဖွဲ့ဝင်တွေလို) သူက ထောင်တွေ ဘာတွေမကျဘူး။ သူ ထောက်လှမ်းရေးက ထွက်ရပြီးနောက်ပိုင်း စီးပွားရေးကုမ္ပဏီတွေ အများကြီး လုပ်နေတာ” ဟု သူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ရန်ကုန် အင်းစိန်မြို့နယ်ရှိ အမျိုးဘာသာ သာသနာစောင့်ရှောက်အဖွဲ့ဥက္ကဌ ဆရာတော်ဦးတိလောကဘိဝံသနှင့် သီတဂူဆရာတော် အရှင်ဉာဏိဿရတို့  ၂ဝ၁၅ ခုနှစ်ခန့်က တွေ့ဆုံပွဲ မှတ်တမ်းဓာတ်ပုံတခုတွင် ပါရှိသူ လူလတ်ပိုင်းအမျိုးသားတဦးအား ဦးဇေယျာဖြိုးဆိုသူဟု လူမှုကွန်ယက်တွင် ပြောဆိုနေရာ ထိုအချက်မှာ မှန်ကန်ကြောင်း ၎င်းနှင့်ရင်းနှီးသိကျွမ်းသူများက အတည်ပြု ပြောဆိုသည်။

ဦးဇေယျာဖြိုး ဖမ်းဆီးခံရမှုသတင်းကို ရန်ကုန်အခြေစိုုက် Speaker ဂျာနယ်က ဖေဖော်ဝါရီ ၂ဝ ရက်နေ့တွင် ကနဦး ရေးသားခဲ့ခြင်းဖြစ်သည်။

၎င်းဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုုင်များကိုု မေးမြန်းရာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တိကျသည့်ဖြေကြားမှှု မပြုလုပ်ဘဲ မကြာခင် သတင်းထုတ်ပြန်မှု ပြုလုပ်မည်ဟုသာ ဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သေနတ်ဖြင့် အနီးကပ် ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခံရသော ဦးကိုနီအမှုနှင့်ဆက်စပ်၍ ဦးကြည်လင်း၊ ဦးအောင်ဝင်းဇော်ဆိုသူတို့အား ဖမ်းဆီးထားကြောင်း၊ ၎င်းတို့ နှစ်ဦးအား ငွေပေးခိုင်းစေသူ ဦးအောင်ဝင်းဇော်၏ညီ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးအောင်ဝင်းခိုင်ကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading