ဦးကိုနီအသတ်ခံမှု နောက်ဆက်တွဲ ဖမ်းဆီးမှုများ၊ “လိပ်စာမှား” ကိုကင်း မူးယစ်ဆေးဝါး များ ဖမ်းဆီးမှုများ သတင်းဖြစ်ပေါ်နေချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက် ၉ နာရီတွင် ရန်ကုန်မြို့ မူးယစ်ဆေးဝါးပြတိုက်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်မည် ဖြစ်သည်။
လက်ရှိတွင် ဦးကိုနီ အသတ်ခံမှုနှင့်ပတ်သက်ပြီး ဇေယျာဖြိုးနှင့် တင်ထွန်းအောင် ဆိုသူတို့ကို တာမွေမြို့ နယ်တွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ထပ်မံ ဖမ်းဆီးစစ်ဆေးနေကြောင်း BBC နှင့် Myanmar Now တွင် ဖော်ပြထားသည်။
ထိုသို့ ဦးကိုနီအသတ်ခံရမှု နောက်ဆက်တွဲ ဖမ်းဆီးစစ်ဆေးမှုများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ခေတ္တညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မနက်ဖြန် ဖေဖော်ဝါရီလ ၂၅ ရက်တွင် သတင်းစာရှင်လင်းပွဲပြုလုပ်ပေးမည်ဟုသာ ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် မနက်ပိုင်းက ဧရာဝတီသို့ ဖြေကြားခဲ့သည်။
တာမွေမြို့နယ် ရဲစခန်းတာဝန်ရှိသူတဦးကတော့ ဇေယျာဖြိုးနှင့် တင်ထွန်းအောင် ဆိုသူတို့အား ဖမ်းဆီးစစ် ဆေးမှုကို မသိရှိကြောင်းနှင့် ဖမ်းဆီးခြင်းမရှိကြောင်းသာ ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ကိုကင်းများပါဝင်သည့် ကွန်တိန်နာတလုံး လိပ်စာမှားကာ ရန်ကုန်သို့ ရောက်ရှိလာကြောင်း ဖေဖော်ဝါရီလ ၂၂ ရက်က 7Day သတင်းဌာနက သတင်းရေးသားဖော်ပြခဲ့ပြီး နောက်တရက်တွင် Eleven မီဒီယာကလည်း ထပ်မံ သတင်းရေးသားခဲ့ပြန်သည်။
သတင်းများအရ မြန်မာ့စက်မှုဆိပ်ကမ်း (MIP) တွင် ဖမ်းဆီးမိကြောင်း သိရသည်။ ယင်းဆိပ်ကမ်းတွင်ပင် တရားမဝင် သစ်များကို မကြာသေးမီက ရှာဖွေဖမ်းဆီးခဲ့သေးသည်။
သို့သော် ယင်းကိစ္စများ အပေါ် သက်ဆိုင်ရာက ရှင်းလင်းစွာ သတင်းထုတ်ပြန်မှု မပြုလုပ်ရသေးချေ။
ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲနှင့်ပတ်သက်၍ မည်သည့်အကြောင်းအရာ ရှင်းလင်းပြောဆိုမည်ကို မသိရှိရကြောင်းနှင့် ပြည်တွင်းမီဒီယာများကိုသာ သီးသန့် ဖိတ်ကြားခိုင်းခြင်း ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးကျော်ဇင်သန့်က ဧရာဝတီသို့ ပြောသည်။
နိုင်ငံတော်သမ္မတရုံး၏ ဖေဖော်ဝါရီ ၁၅ ရက်နေ့သတင်းထုတ်ပြန်ချက်တွင် ဦးကိုနီအား သေနတ်ဖြင့်လုပ်ကြံပြစ်ခတ်သူ ကြည်လင်းနှင့် အောင်ဝင်းဇော် ဆိုသူတို့ကို ဖမ်းဆီးထားပြီး နောက်ကွယ်မှငွေပေးစေခိုင်သူ အောင်ဝင်းခိုင် ဆိုသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းသာ ထုတ်ပြန်ထားသေးသည်။