အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်မထိုး သည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများကို “ငြိမ်းချမ်းရေး မလိုလားသူများဟု မယူဆစေ လိုကြောင်း” ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွန်မော် က ပြောဆိုလိုက်သည်။
ဗိုလ်ချုပ် ဂွန်မော် က “NCA လက်မှတ် မထိုးသူများကို ငြိမ်းချမ်းရေး မလိုလားသူများလို့ မယူဆစေ လိုပါ။ ခိုင်မာပြီး နိုင်ငံရေး အာမခံချက် ပေးနိုင်တဲ့ စာချုပ် ဖြစ်စေချင်လို့ သေချာအောင် ဆွေးနွေး နေကြတာ ဖြစ်ပါတယ်” ဟု ၎င်း၏ ဖေ့စ်ဘုတ် စာမျက် နှာတွင် ရေးသားဖော်ပြထားသည်။
တနိုင်ငံလုံးရှိ ပြည်သူအများက NCA ကို အပြီးသတ် ဆွေးနွေးပြီး နှစ်ဘက်ကိုယ်စားလှယ်များ လက်မှတ်ရေးထိုး ပြီးပြီဟု အမှတ်မှားခဲ့ကြကြောင်း၊ လက်ရှိ NCA သည် အတည်ပြုမူကြမ်း ဟုဆိုသော်လည်း အတည်ပြုချက် မရှိသေးသော မူကြမ်း တစောင် အဖြစ်ရှိနေဆဲဟု ရေးသားထားသည်။
တိုင်းရင်းသား လက်နက်ကိုင်များပင် NCA ကို စတင်တောင်းဆိုကာ၊ လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်သည့် အထိ အစိုးရ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးလုပ်ဆောင်ခဲ့ရာ ၂၀၁၅ ခုနှစ်က ပဉ္စမ မူကြမ်းအဆင့်တွင် သမ္မတ ဦးသိန်းစိန် တက် ရောက်ခဲ့သော်လည်း မူကြမ်း အဆင့်သာ ရှိနေကြောင်း သိရသည်။
ယင်းမူကြမ်းတွင် မညှိနှိုင်းရသေးသော အကြောင်းအရာများ ကျန်ရှိနေပြီး တိုင်းရင်းသား လက်နက် ကိုင်များ၏ ညီလာခံမှ အတည်ပြုရန် လိုအပ်နေ၍ အပြီးမသတ်နိုင်သည့် မူကြမ်းဖြစ်သော်လည်း လက်ခံနိုင်သည့် အဖွဲ့က လက်မှတ်ရေးထိုးခဲ့ကြောင်း ရေးသားထားသည်။
ဗိုလ်ချုပ် ဂွန်မော် က “NCA ထိုးပြီးနောက် စစ်ရေးပြင်ဆင်မှုများ လုပ်ဖို့ လိုအပ်တဲ့ အနေအထားမျိုး မဖြစ်စေချင်ဘူး” ဟု NCA မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ လက်သုံးစကားဖြင့် မှတ်ချက်ပြုထားသည်။
NCA စာချုပ်ကို လက်မှတ် ရေးထိုးနိုင်ရန် အတွက် ၎င်းတို့ KIO ပါဝင်သော ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် အစိုးရ ကိုယ်စားလှယ်များအကြား ဆက်လက် ဆွေးနွေးနေဆဲ ဆိုတာကို အသိအမှတ်ပြုရင်း NCA စာချုုပ်ကို “ထိုးမှာလား၊ မထိုးဘူးလား” ဆိုသည့် တိုက်ရိုက်မေးခွန်းပေါ် အဖြေထုတ် ဆုံးဖြတ်ခြင်း မပြုလုပ်ရန် ဗိုလ်ချုပ် ဂွန်မော် က မေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။