ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ် တိုက်ခိုက်ခံရမှုတွင် တာဝန်ရှိမှုဖြင့် ယင်းဌာနချုပ် ကွပ်ကဲရေးမှူး ရဲမှူးချုပ် အပါအဝင်၊ ရဲအရာရှိ ၃ ဦးကို ထောင်ဒဏ်များ အပြစ်ပေး ချမှတ်လိုက်ကြောင်း သိရသည်။
ဌာနချုပ် ကွပ်ကဲရေးမှူး ရဲမှူးချုပ်မောင်မောင်ခိုင်ကို ထောင်ဒဏ် ၂ နှစ်၊ ဒုတိယ ကွပ်ကဲရေးမှူး ရဲမှူးကြီး ဇေယျဟန်ကို ထောင်ဒဏ် ၁ နှစ်နှင့် အမှတ် (၂ ) နယ်ခြားစောင့် တပ်ရင်းမှူး ဒုရဲမှူးကြီး ကျော်တေဇကို ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
မောင်တော တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် တာဝန်အရှိဆုံး ရဲအရာရှိ ၃ ဦးကို ခေါ်ယူစစ်ဆေးပြီး ရဲတရားရုံးက ယခုလအတွင်း ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်းနှင့် အခြားတာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဧရာဝတီကို ပြောသည်။
“ဖြစ်စဉ်တွေ ဖြစ်ပွားတဲ့အခါမှာ ဘယ်လိုဖြစ်တာလဲဆိုတာကို ရဲတပ်ဖွဲ့က Review လုပ်တယ်ပေါ့။ လုပ်တဲ့အပေါ်မှာ တွေ့ရှိချက်တွေကို အရေးယူမှု လုပ်တာပါ။ သေချာ စုံခုံဖွဲ့ စစ်ပြီးမှ တွေ့ရှိချက်ပေါ် မူတည်ပြီး အရေးယူတာ။ ရဲတရားရုံးက စီရင်ချက်ပါ ” ဟု ဦးဇော်ဌေးက ပြောသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် အတည်ပြုနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ ဧရာဝတီက ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ရဲတပ်ဖွဲ့က ဖြေကြားရန် ငြင်းဆန်သည်။
ရဲတပ်ဖွဲ့ဝင်များ အရေးယူခံရခြင်းသည် တာဝန်ပေါ့လျော့သဖြင့် ဝန်ထမ်းစည်းမျဉ်းအရ အရေးယူခံရခြင်း ဖြစ်ကြောင်း၊ ဥပဒေတရပ်အရ ဖွဲ့စည်းထားသည့် ဝန်ထမ်းအဖွဲ့အစည်း အားလုံးကို အစိုးရသစ် လက်ထက်တွင် ဆုပေး၊ ဒဏ်ပေးစနစ်ဖြင့် ကျင့်သုံးသွားမည်ကို ကြားသိရကြောင်း ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်းက ပြောသည်။
“သေနတ်ကိုင်ထားတဲ့ သူတွေကို ဓားနဲ့ဝင်စီးတာတော့ မဖြစ်သင့်ဘူး။ လုံခြုံရေး ပေါ့လျော့လို့ အခုလို အရေးယူ ခံရတာ။ ဥပဒေနဲ့အညီ အရေးယူခံရတာလို့ပဲ နားလည်ပါတယ်” ဟု ဦးနေမျိုးထွန်းက ဆိုသည်။
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်က မောင်တောခရိုင်ရှိ နယ်ခြားစောင့် တပ်စခန်း ၃ ခုအား အကြမ်းဖက်မှုနှင့် ပတ်သက်၍ မသင်္ကာသူ ၅၇၀ ကျော် ကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။
ထိုအကြမ်းဖက်မှုကြောင့် ရဲတပ်သား ၉ ဦး သေဆုံးခဲ့ပြီး၊ လက်နက်များ၊ ကျည်ဆန် အများအပြားကို အကြမ်းဖက်သူများက သိမ်းယူသွားခဲ့သည်။ အကြမ်းဖက်မှုနှင့် ပတ်သက်၍ နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များအတွင်း တပ်မတော်မှလည်း အရာရှိအဆင့် အပါအဝင် တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ကြောင်း အစိုးရက ထုတ်ပြန်သည်။
ထိုတိုက်ခိုက်ခံရမှု နောက်ပိုင်းတွင် ရဲမှူးချုပ် မောင်မောင်ခိုင်နေရာတွင် ရဲမှူးချုပ် သူရစန်းလွင်ကို ပြည်ထဲရေးဝန်ကြီးဌာနက အစားထိုးခန့်အပ်ခဲ့ပြီးနောက် ထိုဒေသတွင် ရဲတပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားခဲ့ သည်။