အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟို ဥပဒေ အကြံပေး အဖွ့ဲဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီ အသတ်ခံရမှုမှာ လူငယ်သဘာဝ ပုဂ္ဂိုလ်ရေး အရ မကျေနပ်မှုကြောင့် လုပ်ကြံမှု ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက ရန်ကုန်မြို့ မူးယစ် ဆေးဝါး ပြတိုက် တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုလိုက်သည်။
ရဲချုပ် ဇော်ဝင်းက “အောင်ဝင်းခိုင်နဲ့ ဇေယျာဖြိုးတို့က မော်ဒန်လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း ဦးကိုနီ အကြောင်း ဆွေးနွေးကြရင်းနဲ့ လူငယ်သဘာဝ ပုဂ္ဂိုလ်ရေး မကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီကနေ ထပြန်လာအပြီး လမ်းမှာ ဦးကိုနီကို ရှင်းပစ်ဖို့ ပြောခဲ့ကြတာ။ ဒီကြားထဲမှာ ဦးကိုနီရဲ့အိမ်၊ ၃၂ လမ်း၊ ၄၂ လမ်းနဲ့ MGW Tower အနားမှာ ကားနဲ့ ချောင်းမြောင်းနေခဲ့ပေမယ့် အခွင့်မသာခဲ့ဘူး။ လတ်တလော တွေ့ရှိချက်တွေ အရ လူငယ်ပီပီ ပုဂ္ဂိုလ်ရေးအရ မကျေနပ်ချက်တွေကြောင့်ပါ” ဟု ပြောသည်။
ရှင်းလင်းပွဲတွင် ပါဝင်သည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေကလည်း “တခြား အချက်အလက်တွေ အများကြီး ကျန်ပါသေးတယ်။ လတ်တလော တွေ့ရှိချက်တွေအရ လူငယ်သဘာဝ စိတ်ကြောင့်၊ မျိုးချစ်စိတ် အစွန်းရောက်တဲ့စိတ်ကြောင့် လုပ်ကြံတဲ့ အတိုင်းအတာအထိ ဖြစ်လာတာပါ” ဟု မီဒီယာများကို ရှင်းပြသည်။
ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် အချက်အလက်များအရ အမှုဖြစ်စဉ်ပါ တရားခံများမှ အောင်ဝင်းခိုင်သည် စစ်တက္ကသိုလ် ဗိုလ်လောင်း အပတ်စဉ် ၃၆၊ အောင်ဝင်းဇော်သည် အပတ်စဉ် ၃၄ နှင့် ဇေယျာဖြိုးသည် အပတ်စဉ် ၃၈ မှ ကျောင်းဆင်းထားပြီး တပ်မတော်မှ နှုတ်ထွက်ခွင့်ပြု၊ ထုတ်ပယ်ထားသူများဖြစ်ပြီး အသက် ၄၀ နှစ်မှ ၅၀ နှစ် ကျော် ရှိသူများဖြစ်သည်။
ဖမ်းဆီးခံထားသူ ဇေယျာဖြိုး၏ အဆိုအရ အောင်ဝင်းခိုင်သည် ငွေရလျှင် ဘာမဆို လုပ်မည့် လူစားမျိုးဖြစ်သည်ဟု ထွက်ဆိုထားကြောင်း၊ ဦးကိုနီကို လုပ်ကြံရန် ငွေကျပ် သိန်း ၄၀၀ ကို ကနဦးအနေဖြင့် ထုတ်ပေးခဲ့ကြောင်း၊ အပြီးပြတ် ဆောင်ရွက်ရန် သိန်း ၁၀၀၀ ထပ်မံပေးခဲ့ကြောင်း၊ လုပ်ကြံမှု ပြီးစီးသည့်နောက် နေပြည်တော်သို့ အတူထွက်ခွာခဲ့ပြီး လမ်းတွင် လူတဦးနဲ့ ချိန်းထားသည်ဟုဆိုကာ အောင်ဝင်းခိုင်က ကျန်ရစ်ခဲ့ကြောင်း သိရသည်။
ထွက်ပြေးလွတ်မြောက်နေသူ အောင်ဝင်းခိုင်သည် လုပ်ကြံမှုအတွက် သူ၏ အကိုဖြစ်သူ အောင်ဝင်းဇော်ကို ခိုင်းစေပြီး အောင်ဝင်းဇော်က ထောင်ထွက်လူမိုက် နဝါးလေး (ခ) အောင်နိုင်မြင့်ကို ကမ်းလှမ်းခဲ့ကြောင်း၊ နဂါးလေး (ခ) အောင်နိုင်မြင့်က ငွေ သိန်း ၂၀၀ နှင့် လိုင်စင်မဲ့ကားတစီး ရယူပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ အင်းစိန်မြို့နေ ထောင်ထွက်တဦဖြစ်သူ အောင်စိုးကို ထပ်မံကမ်းလှမ်းခဲ့ကြောင်း၊ ထို့နောက် ကြည်လင်းနှင့် ထပ်မံတွေ့ဆုံ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုချက်များအပေါ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက ရှင်းပြသည်။
လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသည့် အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့နှင့် အတူ တွဲဖက် ဓာတ်ပုံများတက်လာသည့် လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း အပါအင် သံရုံး ဝန်ထမ်း အချို့ကိုလည်း ခေါ်ယူမေးမြန်းခဲ့သော်လည်း ပါဝင်ပတ်သက်မှုမရှိဘဲ ဓာတ်ပုံအတူရိုက်ခြင်းမျိုးသာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ရှင်းလင်းထားသည်။
ဦးကိုနီ လုပ်ကြံခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ အောင်ဝင်းဇော်၊ ကြည်လင်း(ခ) ဖိုးထူးနှင့် ဇေယျာဖြိုးတို့ ဖမ်းဆီးထားပြီး ကျား ၇၁ ဦးနှင့် မ ၂ ဦးကိုလည်း ခေါ်ယူစစ်ဆေး မေးမြန်းခဲ့ကြောင်းး တရားခံများ ရုံးထုတ်ခြင်း၊ ရှေ့ဆက်လုပ်ငန်း ဆောင်ရွက်ချက်များ အပေါ် ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အသေးစိတ် ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
အင်တာပို၊ အာဆီယံရဲတပ်ဖွဲ့နှင့် နိုင်ငံတကာ ရဲတပ်ဖွဲ့များအထိ အောင်ဝင်းခိုင်၏ ဓာတ်ပုံကို ပေးပို့ကာ အလိုရှိသူ စာရင်းအဖြစ် အကူအညီတောင်းခံထားကြောင်း သိရသည်။
နိုင်ငံတော် အဆင့် ခရီးစဉ်မှ ပြန်လာသူ ဦးကိုနီကို ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ခြင်း ဖြစ်သော်လည်း တရားခံများ ဖြစ်သည့် ကြည်လင်း (ခ) ဖိုးထူးအား ပုဒ်မ ၃၀၂၊ လဝကအက်ဥပဒေ၊ လက်နက်မှုများ၊ အောင်ဝင်းဇော်ကို ပုဒ်မ ၃၀၂၊ ၁၉ (ခ)၊ ဇေယျာဖြိုးကို ပုဒ်မ ၃၀၂၊ ပုဒ် ၆၇၊ ၄၂၀၊ ၄၆၈၊ အောင်ဝင်းခိုင်ကို ပုဒ်မ ၃၀၂ စသည့် ရာဇသတ်ကြီး ပုဒ်များဖြင့်သာ အမှုဖွင့်ထားသည်။