အကယ်၍ အစိုးရက ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတခု ပြုလုပ်ရန် ခွင့်မပြုခဲ့လျှင် မကြာမီ ကျင်းပရန် ရှိနေသည့် ၂၁ရာစု ပင်လုံ ညီလာခံကို သပိတ်မှောက်သွားမည် ဖြစ်ကြောင်း ရခိုင်နိုင်ငံရေးသမားများက ပြော သည်။
ဖေဖော်ဝါရီလ အစောပိုင်းတွင် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲကော်မတီ(UPDJC) က တနိုင်ငံလုံး အတိုင်း အတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် လက်မှတ်ထိုးခဲ့သည့် အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် ချင်းအမျိုးသား တပ် ဦး (CNF) နှင့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP)တို့ကို အမျိုးသားအဆင့် ဆွေးနွေးပွဲများ ကျင်းပခွင့် မပြုရန် ဆုံးဖြတ်ခဲ့သည်။ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် ချင်းနိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများက အစိုးရ၏ ဆုံးဖြတ်ချက် ကို ချက်ချင်း ကန့်ကွက်ခဲ့ကြသည်။
ထို့နောက် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် UPDJC က ၎င်း၏ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်၍ CNF က ချင်းပြည်နယ် တွင် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကျင်းပနိုင်ကြောင်း ကြေညာခဲ့သည်။
သို့သော်လည်း မတ်လတွင် ကျင်းပရန် ရှိနေသည့် ပင်လုံညီလာခံ ကျင်းပရန် နီးကပ်နေသည့်တိုင် UPDJC က ALP ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ခွင့်ပြုချက်ထုတ်ပေးခြင်း မရှိသေးပါ။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ALP ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ၊ ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရခိုင် အရပ် ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက လက်ရှိ ငြိမ်းချမ်းရေး အခြေအနေများကို ရှင်းပြရန် အတွက် စစ်တွေမြို့တွင် စုဝေး၍ အစည်းအဝေး တခု ပြုလုပ်ခဲ့ကြသည်။ သို့သော် ယင်းအစည်းအဝေးကို ရခိုင်ပြည်နယ်မှ ဒေသခံ တချို့က နားလည်မှု လွဲမှားခဲ့ကြသည်။ ယင်းမှာ ALP နှင့် ANP တို့သည် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတခုကို အရေးပါ သည့် အဖွဲ့အစည်းများအား ဖိတ်ကြားခြင်းမပြုဘဲ ကျင်းပရန် ကြိုးစားခြင်း ဖြစ်သည်ဟု ယူဆခဲ့ကြသည်။
“ရခိုင်ပြည်နယ်က အမျိုးသားအဆင့် နိုင်ငံရေးစကားဝိုင်း ပြုလုပ်ဖို့ ခွင့်ပြုချက် မရသေးပါဘူး။ အစိုးရကလည်း ခိုင်မာတဲ့ အကြောင်းပြချက် မပေးပါဘူး။ တကယ်လို့ သူတို့ လုပ်ခွင့်မပေးဘူးဆိုရင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို မတက်ဘူး။ ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမယ် ” ဟု စစ်တွေမြို့နယ်တွင် ကျင်းပခဲ့သော အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ရခိုင်အမျိုးသား ဦးအောင်မြကျော် က ပြောသည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုသည်မှာ ALP ကဲ့သို့သော NCA လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းများအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် သူတို့နှင့် သက်ဆိုင်သော အကြောင်းအရာများကို တင်ပြပြောဆိုနိုင်ရန် အတွက် ဒေသတွင်းမှ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ကြိုတင်ပြင်ဆင်သည့် သဘောပင်ဖြစ်သည်။
သို့ သော်လည်း UPDJC စည်းမျဉ်းစည်းကမ်းများအရ အမျိုးသားအဆင့် ဆွေးနွေးပွဲတခု မစတင်မီအချိန်တွင် အစိုးရက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ နှင့် စစ်ဘက်မှ ကိုယ်စားလှယ်များ ပါဝင်သော ကြီးကြပ်ရေးကော်မတီတခု ဖွဲ့စည်းပေးရမည် ဖြစ်သည်။
ယခုအချိန်အထိ UPDJC က ရခိုင်ပြည်နယ်ကို ထောက်ခံချက် မပေးသေးပါ။
အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲအဆင့်တွင် တက်ရောက်လာသူပုဂ္ဂိုလ်များက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ် ဝန်းကျင် အစရှိသည့် ကိစ္စရပ်လေးခုကို ဆွေးနွေးခွင့်ပြုထားသည်။ လုံခြုံရေးနှင့်ပတ်သတ်သည့် အကြောင်းအရာကိုမူ နေပြည်တော်တွင် ပြုလုပ်မည့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွင် သီးသန့်ဆွေးနွေးရမည်ဖြစ် သည်။
ALP ၏ ဒုတိယ ဥက္ကဌ ဒေါ်စောမြရာဇာလင်းက အစိုးရ အနေခြင့် NCA လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းများကို ကျောသားရင်သား မခွဲခြားသင့်ကြောင်း တန်းတူအခွင့်အရေးများ ပေးသင့်ကြောင်း ထောက်ပြခဲ့သည်။
အကယ်၍ အစိုးရက အမျိုးသားအဆင့် ဆွေးနွေးပွဲအတွက် ALP ၏ မေတ္တာရပ်ခံချက်ကို ဥပေက္ခာပြုခဲ့ပါက ယင်းအချက် သည် NCA စည်းကမ်းချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း သူကပြောသည်။
“ကျွန်မတို့ကို ကျောသားရင်သားမခွဲခြားပါနဲ့။ ကျမတို့က NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေပါ” ဟု ဒေါ်စောမြ ရာဇာလင်းက ပြောသည်။
မည်သည့် အဖွဲ့အစည်းက အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်သည်ဆိုသည်ကို UPDJC အဖွဲ့ဝင် ၄၈ ဦး က ထောက်ခံချက်ပေးနိုင်သော်လည်း နောက်ဆုံး အဆင့်ဆုံးဖြတ်ချက်ပေးသူမှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်ဟု ဧရာဝတီမှ မေးမြန်းခဲ့သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) မှ အမည် မဖော်လိုသူ အကြီးတန်း အရာရှိတဦးကပြောသည်။
ထို့အပြင် အဖွဲ့ဝင် ၁၅ ဦးပါဝင်သည့် အတွင်းရေးမှုးအဖွဲ့လည်း ရှိသေးသည်။ ယင်းအဖွဲ့က ALP နှင့် အခြား ရခိုင်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ၊ ရခိုင်နိုင်ငံရေးပါတီများကြား နိုင်ငံရေး အခြေအနေကို လေ့လာသုံးသပ်သည်။ ALP ကိစ္စနှင့် ပတ်သတ်ပြီး အတွင်းရေးမှုးအဖွဲ့ ၁၅ ဦးကော်မတီကသော်လည်းကောင်း၊ UPDJC အဖွဲ့ဝင် ၄၈ ဦး ကသော်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်ကို ယခုအချိန်အထိ ထောက်ခံချက်ပေးခြင်း မရှိသေးပေ။
NRPC အကြီးတန်း အရာရှိ၏ပြောဆိုချက်အရဆိုလျှင် UPDJC အနေဖြင့် ALP ကို အမျိုးသားနိုင်ငံရေးဆွေးနွေးခွင့်အတွက် ထောက်ခံချက် ပေးမပေး ချင့်ချိန်နေသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ထိန်းချုပ်ထားသောနေရာများ ဖြစ်သည့် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည် နယ်၊ တနင်္သာရီတိုင်း နှင့် တောင်ငူ မြို့နယ်တို့တွင် UPDJC က အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် ခွင့်ပြုချက်များ ထုတ်ပေးခဲ့ပြီး ဖြစ်သည်ဟု သူကပြောသည်။
ရခိုင်ပြည်နယ် ပါဝင်သည် ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ၂၁ ရာစု ပင်လုံညီလာခံကို ဆက်လက် ကျင်းပသွားရန်ရှိ မရှိကို အဆိုပါ အကြီးတန်း အရာရှိက ယတိပြတ်မပြောပါ။ သို့သော် ၎င်းက ဆွေးနွေးမှုများအားလုံးကို နေပြည်တော်တွင် တထိုင် တည်းနှင့် ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း၊ နောင်လာမည့်နေ့ရက်များတွင် အစည်းအဝေးများထပ်မံရှိနေဦးမည်ဖြစ် ကြောင်း ပြောသည်။
“ကျနော်တို့က ALP ကို ခဏလေးသည်းခံပေးဖို့ ပြောခဲ့တာပါ” ဟု NRPC က တာဝန်ရှိသူက ပြောသည်။