နေပြည်တော် MICC – 2 တွင် ကျင်းပနေသည့် ပထမအကြိမ် အရပ်ဘက် လူမှုအဖွဲ့အစည်းများ(CSO) ဖိုရမ်တွင် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်၍ တောင်းဆိုမှုများ ရှိနေသည်။
ယမန်နေ့က စတင်ပြီး ၂ ရက်ကျင်းပမည့် ယင်းဖိုရမ်တွင် Nation Building ဟုခေါ်သည့် အမျိုးသား အသွင် အပြင် လက္ခဏာ တည်ဆောက်ရေး အတွက် လိုအပ်သည့် ကိစ္စရပ်များကို ဆွေးနွေးရာတွင် ဒေသအသီးသီး ၏ လိုအပ်မှု၊ စိန်ခေါ်မှုများကို တိုင်းနှင့်ပြည်နယ် ၁၄ ခုမှ CSO ခေါင်းဆောင်များက တင်ပြရာတွင် အထက်ပါအတိုင်း တောင်းဆိုကြ ခြင်း ဖြစ်သည်။
CSO ဖိုရမ် ဖြစ်မြောက်ရေး ကော်မတီဝင် ဦးသိန်းမင်းဦး(ပဲခူး)က“အားလုံး တော်တော်များများက ဖွဲ့စည်းပုံ ပြင်ဆင် ရေးပဲ ပြောကြတယ်။ Nation Building လို့ ပြောတဲ့ အခါကျတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးက ပါလာ တယ်။ အဓိက ကတော့ ဖက်ဒရယ်နဲ့ကိုက်ညီတဲ့ ပုံစံမျိုးပေါ့”ဟု ပထမနေ့ ဖိုရမ်အပြီးတွင် ဧရာဝတီသို့ ပြောသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့်အတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို အရပ်သား ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက် တွင် ထားရှိရန်၊ သံယံဇာတခွဲဝေခြင်း၊ အာဏာခွဲဝေခြင်းနှင့် ပြည်နယ် သတ်မှတ်ရေး တောင်းဆို မှုများ အထိပါ ဆွေးနွေးမှုများ ရှိနေကြောင်း CSO ဖိုရမ် ဖြစ်မြောက်ရေး ကော်မတီဝင်များက ပြော သည်။
ဆွေးနွေးပွဲတွင် ပဲခူးတိုင်း ကိုယ်စားလှယ်က ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေး သိုု့မဟုတ် အသစ်ပြန်လည် ရေးဆွဲ နိုင်ရေး၊ ဖက်ဒရယ် စနစ်ကို ဦးတည်သည့် ရွေးကောက်ပွဲစနစ် ပေါ်ထွန်းလာရေး၊ အသစ်ပေါ်လာမည့် ဖွဲ့စည်းပုံတွင် အုပ်ချုပ် ရေး၊ ဥပဒေပြုရေးနှင့် ပြည်နယ်နှင့် တိုင်းများ၏ သယံဇာတ ခွဲဝေခွင့်များကို အတိအကျ ပြဌာန်းနိုင်ရေးတို့ကို တင်သွင်း ခဲ့ကြောင်း သိရသည်။
“ရွေးကောက်ခံ အစိုးရရဲ့ လက်အောက်မှာ သက်ဆိုင်ရာဝန်ကြီးဌာန အားလုံးကို ထားရှိဖို့ အဆို တင်သွင်းပါတယ်။ ဘာသာရေးကို အခြေမခံသည့် နိုင်ငံတော် ဖြစ်ဖို့ အဲဒီလိုမျိုး Nation Building တည်ဆောက်ဖို့ ဒီလိုအချက်တွေကို အခြေခံသင့်တယ်ဆိုပြီး တင်ပြခဲ့တာဖြစ်ပါတယ်”ဟု ပဲခူးတိုင်းကိုယ်စားလှယ် ဦးသိန်းမင်းဦး က ဖိုရမ်အပြီး ပြုလုုပ် သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ဖိုရမ်သို့ တက်ရောက်လာသည့် ချင်းပြည်နယ် ကိုယ်စားလှယ် ဦးရာခမ်း ကလည်း၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အတွက် ငြိမ်ချမ်းရေး ရရှိရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိမှသာ စီးပွားရေးနှင့် လှုမှုရေးကိစ္စများလည်း တိုးတက် လာမည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။
“ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို အစိုးရကလည်း မလုပ်ဘူး။ လွှတ်တော်ကလည်း မလုပ်ဘူး။ အဲဒါကြောင့် CSO တွေရဲ့ အားကို အသုံးပြုပြီးတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆောင်ရွက်ပြီး ဖက်ဒရယ်နိုင်ငံ တည်ဆောက်ကြပါစို့”ဟုလည်း ၎င်းက ပြောသည်။
CSO ဖိုရမ်တွင် အခြေခံ ဆွေးနွေးရမည့် မူများအဖြစ် ပြန်လည် ထူထောင်ရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဖက်ဒရယ် သယံဇာတ တို့ကိုသာ ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ချမှတ်ထားသော်လည်း ဆွေးနွေးသည့် အကြောင်းအရာများသည် အလွန်ကျယ်ပြန့် လျက် ရှိကြောင်း ဦးဆောင် ကော်မတီဝင်များ ထံမှ သိရသည်။
“မြေယာသိမ်းတဲ့ ကိစ္စတွေလည်း ပြောတယ်။ ဒုက္ခသည်တွေ ကိစ္စလည်း ပြောတယ်။ ဒုက္ခသည် အကြောင်းပြောတော့ စစ်ပွဲက တွဲပါလာတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလည်း ပါတယ်။ စီးပွားရေးဆိုရင် စပါးဈေး နှုန်းတွေက အစ ပြော ကြတယ်။ ဖက်ဒရယ်နဲ့ ပတ်သက်တာတွေလည်း ပြောကြတယ်”ဟု ဖိုရမ် ဖြစ်မြောက် ရေးကော်မတီဝင် ဦးသွင်လင်းအောင် က ဧရာဝတီသို့ ပြောသည်။
ထို့ကြောင့် ဆွေးနွေးချက်များစွာထဲမှ UPDJC က ခွင့်ပြုထားသည့် အကြောင်းအရာ ၃ ခုနှင့် ကိုက်ညီသည့်
ခေါင်းဆောင် များကိုယူ၍ နောက်ပိုင်းတွင် ကျင်းပမည့် CSO ဖိုရမ်များတွင် ဆက်လက်ဆွေးနွေးမည် ဖြစ်ကြောင်း၊ မကိုက်ညီသည့် အကြောင်းအရာများကိုမူ အကြိုဖိုရမ်များတွင် ဆွေးနွေးရန် ဆုံးဖြတ်ထားကြောင်း ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
တိုင်းနှင့်ပြည်နယ် ၁၄ ခု၏ ယေဘုယျ တင်ပြချက်များထဲမှ ဦးစားပေးအချက် ၃ ချက်ကိုယနေ့ ကျင်းပမည့် ဖိုရမ်တွင် ဆွေးနွေးပြီး ယင်းအကြောင်းအရာများသည် ဒေသ၏ လိုအပ်ချက်များနှင့် ဆက်လက် ဆွေးနွေး အဖြေရှာရမည့် ကိစ္စများ အဖြစ် ပေါ်ထွက်လာမည် ဖြစ်ကြောင်းလည်း ဆိုသည်။
ဖိုရမ်တွင် ကချင်ပြည်နယ် ကိုယ်စားလှယ် ဦးနော်တွဲက ကချင်ဒေသရှိ စစ်ရှောင် ဒုက္ခသည်များ စားနပ်ရိက္ခာ ပြတ်လပ် မှုနှင့် တိုက်ပွဲများပိုမို ပြင်းထန်လျက် ရှိကြောင်း ဆွေးနွေးနေစဉ် တပ်မတော်ဘက်မှ ကန့်ကွက် သတိပေးမှုများ ရှိခဲ့ သော်လည်း နောက်ပိုင်းတွင် အဆင်ပြေအောင် ညှိနှိုင်းနိုင်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။
“ကျနော်က ကချင်ဒေသက CSO တွေရဲ့တင်ပြချက်တွေကို အကြောင်းအရာလိုက် တင်ပြခြင်းပဲ ဖြစ်ပါတယ်။ ကျနော့် အနေနဲ့ ဘယ်လိုမှ မယူဆဘူး။ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့အတွက် လက်တွေ့မြေပြင်မှာ ဖြစ်နေတဲ့ အနေအထား တွေကိုပြောတာ။ ဆွေးနွေးတာ၊ ငြင်းခုံတာ။ တပ်မတော်က ကန့်ကွက်တဲ့အပေါ်မှာ ဘာမှ မှတ်ချက် မပြုလိုပါဘူး”ဟု ဦးနော်တွဲက ပြောသည်။
ယခုကိစ္စသည် ဖိုရမ်ကို ဒေသအလိုက် ဆွေးနွေးရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဟု နေပြည်တော် ကောင်စီ နယ်မြေ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးမှု ကြီးကြပ်ကော်မတီက ထင်မှတ်၍ ၎င်းတို့ ကြီးကြပ်ပေးရမည် အထင်ဖြင့် ကန့်ကွက်ခြင်း ဖြစ်ကြောင်း၊ အရပ်ဘက် အဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်ဟု ရှင်းပြလိုက်နိုင်သဖြင့် ပြေလည် သွားခဲ့ကြောင်း ဖိုရမ် ဖြစ်မြောက်ရေး ကော်မတီဝင် ဦးသွင်လင်းအောင်က ပြောပြသည်။
“လုပ်ငန်း လမ်းညွှန်အပေါ်မှာ နားလည်းမှု လွဲသွားတာပါ။ သူတိုု့ကပဲ ကြီးကြမ်မှု ပေးရမယ်။ ရုံးအဖွဲ့တွေပါ ခေါ်လာပြီး ဆွေးနွေးချက်တွေကို အသေးစိတ်ကစ လိုက်မှတ်၊ စာတမ်းပြုစုပြီး လုပ်ငန်းကော်မတီကိုပါ တင်ပြရမယ်ဆိုပြီး လုုပ်တာ။ သေချာဆွေးနွေးလိုုက်တော့ သူတို့လည်း နားလည်သွားတယ်”ဟုု ဦးသွင်လင်းအောင်က ပြောသည်။
ယခုဖိုရမ်မှ ထွက်ပေါ်လာမည့် အတည်ပြုချက်များကို UPDJC သို့ တင်ပြရမည် ဖြစ်သော်လည်း ဆုံးဖြတ် ဆောင်ရွက် နိုင် သည့် အခွင့်အာဏာသည် CSO များတွင် မရှိကြောင်းလည်း ဖိုရမ် ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်များက ပြော ဆိုသည်။